သံတွဲကို စကမ ဗုံးကြဲလို့ စစ်ဘေးရှောင်ပြည်သူ ၁ ဦးသေ၊ ၅ ဦး ဒဏ်ရာရ၊ နေအိမ် ၈ လုံး ပျက်စီး(ဒဏ်ရာရရှိသူထဲတွင် ကလေးငယ် ၂ ဦးနဲ့ ကိုယ်ဝန်ဆောင်မိခင် ၁ ဦး ပါဝင်)

အာရက္ခတိုင်းမ်စ် (၂၈ စက်တင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် သံတွဲမြို့ကို စစ်ကော်မရှင်က စက်တင်ဘာလ ၂၇ ရက် ည ၈ နာရီခွဲခန့်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့လို့ စစ်ဘေးရှောင်ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၅ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ ၅ မိနစ်လောက်ခြားပြီး ၂ ကြိမ် ဆက်တိုက်ကြဲချသွားတာ၊ သံတွဲကို စစ်ဘေးရှောင်လာနေတဲ့ မောင်ရွှေလေးရွာက မိသားစုနေတဲ့ အိမ်ကို တည့်တည့်ကျတာ” လို့ သံတွဲမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ ပေါင်း ၅၀၀ ဗုံး ၂ လုံးဟာ အမှတ် (၄) ရပ်ကွက် ညောင်ပင်ဈေးက ဦးမြဟန် နဲ့ ဦးမှဲ့လေး နေအိမ်ကို ကျရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

“ ဒဏ်ရာရတဲ့သူထဲမှာ ကျောင်းသား ၂ ဦးပါတယ်၊ ကိုယ်ဝန်ဆောင်မိခင် ၁ ဦး ပါတယ်။ ဒဏ်ရာက ပြင်းထန်တယ်” လို့ သံတွဲမြို့ လူမှုကူညီရေး ဆောင်ရွက်ပေးနေသူ ၁ ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ ပေါင် ၅၀၀ ဗုံးကြောင့် သေဆုံးသွားသူမှာ မောင်ရွှေလေးရွာက အသက် ၄၄ နှစ် အရွယ် ဦးညီညီ ဖြစ်ပြီး ဒဏ်ရာရရှိသူတွေကတော့ မောင်ရွှေလေးရွာက အသက် ၆ နှစ် အရွယ် မောင်သန့်ဇင်ဖြိုး၊ အသက် ၁၄ နှစ် အရွယ် မောင်အောင်သီဟဖြိူး၊ အသက် ၃၇ နှစ် အရွယ် ဒေါ်ခင်ခင်ဌေး (ကိုယ်ဝန်ဆောင်မိခင်)၊ အသက် ၄၂ နှစ် အရွယ် ဦးထွန်းနေမင်း၊ အသက် ၃၂ နှစ် အရွယ် မချိုချိုဝင်း နဲ့ ညောင်ပင်ဈေးနေ အသက် ၅၄ နှစ် အရွယ် ဒေါ်မပုလေး တို့ပဲ ဖြစ်ပါတယ်။

Related posts

ရက္ခိုင်တွင် ၅ နှစ်အောက်ကလေးတွေ တတိယအကြိမ် ကာကွယ်ဆေးထပ်မံထိုးပေး

ရေကြည်က အမတ-၃၄၄ ကို AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ ထပ်မံထိုးစစ်ဆင်

ရက္ခိုင်ကို ၂၀၂၇ ခုနှစ်လောက်မှ ဗဟိုအစိုးရက ကိုင်တွယ်နိုင်