အာရက္ခတိုင်းမ်စ် (၂၉ စက်တင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည်၊ စစ်တွေမြို့မှာ အကြမ်းဖက် စစ်ကော်မရှင်က ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေး ဆိုင်ရာ ဝန်ထမ်းတွေ ပါဝင်ပတ်သက်မှုကြောင့် သစ်သားအိမ်တွေ ကုန်လုနီးပါးဖြစ်နေပြီလို့ စစ်တွေဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်တွေမှာ အလုပ်အကိုင်ရှားပါးပြီး ဝင်ငွေမရှိကြတဲ့အတွက် မိမိတို့ပိုင်ဆိုင်တဲ့ သစ်သားအိမ်တွေကို ထင်းအဖြစ် ရောင်းချမယ့်သူတွေထံ ကာလပေါက်ဈေးထက် အဆမတန် လျော့ကျခံပြီး ရောင်းချ စားသောက်နေကြရတာပါ။
အဲဒီလို အိမ်တွေကို ရောင်းချတဲ့အခါမှာလည်း အခြားဒေသတွေကို ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ အတွက် လူမရှိတော့တဲ့အိမ်တွေကိုလည်း ပိုင်ရှင်မဟုတ်သူတွေက လက်ညှိုးထိုး ရောင်းစားကြတာပါ။
အဲဒီလို ရောင်းစားကြတာမှာ အကြမ်းဖက် စစ်ကော်မရှင်က ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေး ဆိုင်ရာ ဝန်ထမ်းတွေက မထိန်းတဲ့အပြင် လာဘ်ပေးလာဘ်ယူတွေ ပြုလုပ်တာကြောင့် အခုအခါမှာ စစ်တွေမြို့မှာ သစ်သားအိမ်တွေ ကုန်သလောက်ဖြစ်နေပြီလို့ စစ်တွေဒေသခံ တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“သူတို့ကိုယ်တိုင်ပါတယ်လို့ ပြောလို့ရတာပေါ့။ အဲဒါတွေက သူတို့ပါဝင်ပတ်သက်နေလို့ အဲဒီလိုဟာတွေ ဖြစ်လာတာပေါ့။ သူတို့ထိန်းရင်ရတာပေါ့။ သူတို့ကိုယ်တိုင်ကပါတယ်။ သူတို့ကို ပိုက်ဆံပေးရတယ်လေ။ အဲဒါတွေဖြိုပြီး ရွှေ့ပြောင်းရင် ဂိတ်တွေကို ပိုက်ဆံပေးရတယ်။ ပိုက်ဆံပေးပြီးမှ သူတို့က ခွင့်ပြုတာ” လို့ သူက ပြောပါတယ်။
အဲဒီလို အိမ်တွေ ဖြိုဖျက်ပြီး ရောင်း/ဝယ်တာတွေဟာ လွန်ခဲ့တဲ့ နှစ်လခန့်က စစ်တွေမြို့မှာ အများအပြား ရှိခဲ့တယ်လို့ သိရပါတယ်။
အိမ်တွေကို ရောင်းချတဲ့အခါမှာလည်း ဈေးနှိမ်ပြီးမှ ရကြသလို အခုလက်ရှိမှာတော့ ရောင်းစရာ အိမ်တွေလည်း မရှိတော့တဲ့အတွက် အဲဒီကိစ္စဟာ ငြိမ်သက်နေကြောင်း စစ်တွေ ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ကုန်သလောက်မဟုတ်ဘူး။ ကုန်ကိုကုန်နေပြီ။ အဲဒါကလောလောဆယ်တော့ မရှိဘူး။ အရင်တုန်းကတော့ ရှိခဲ့တယ်။ အခုနောက်ပိုင်းတော့ ဝယ်မယ့်သူလည်းမရှိတော့ဘူး။ ရောင်းမယ့်သူလည်း မရှိတော့ဘူး။ အိမ်တွေကလည်း ကုန်ပါပြီ။ မရှိတော့ပါဘူး အိမ်တွေကလည်း။ တကယ့် ပိုင်ရှင်ရောင်းတဲ့ဟာတွေလည်း ရှိတယ်။ ကြားကလူတွေက ပိုင်ရှင်တွေလိုလို ဘာလိုလို ရောင်းကြတာလည်းရှိတယ်။ တချို့ကြတော့လည်း အဆင်မပြေတော့ ကိုယ့်အိမ်ကို ရောင်းခဲ့ကြတယ်။ တချို့ကြတော့လည်း ရန်ကုန်ရောက်နေတယ်။ ဒီဘက်မှာနေတဲ့လူတွေကို ရောင်းပေးလိုက်ဆိုပြီး ရောင်းကြတာတွေရှိတယ်။ တချို့ကြလည်း သူများအိမ်ကို ကိုယ့်အိမ်လို ဘာလိုလိုနဲ့ လက်ညှိုးထိုးပြီး ရောင်းကြတာတွေရှိတယ်။ အရင်တုန်းက ဟိုတလောက ရှိခဲ့တာပါ။ အခုလောလောဆယ်တော့ မရှိတော့ပါဘူး” လို့ သူက ပြောပါတယ်။
အဲဒီလို အိမ်တွေ ဖြိုဖျက်ရောင်းချဖို့ မရှိတော့တဲ့အတွက် ထင်းတွေဟာလည်း ဈေးမြင့်တက်လာနေကြောင်း စစ်တွေဒေသခံတွေထံက သိရပါတယ်။
လက်ရှိမှာတော့ စက်တင်ဘာ ၂၇ ရက်နေ့လောက်က စစ်တွေမြို့ပြင်ပ၌ ပစ်ခတ်သံများကို ကြားရကြောင်း စစ်တွေဒေသခံတွေထံက သိရပါတယ်။