အာရက္ခတိုင်းမ်စ် (၃ အောက်တိုဘာ ၂၀၂၅)
Border News Agency (BNA) ရဲ့ အမျိုးသမီးသတင်းထောက် မုဒြာကို အာရက္ခတပ်တော် AA က နှစ်ပတ်ကြာ ဖမ်းဆီးထိန်းသိမ်းထားတဲ့အပေါ် စိုးရိမ်ကန့်ကွက်ကြောင်းနဲ့ ချက်ချင်းလွှတ်ပေးဖို့ အမျိုးသမီးအဖွဲ့ ၃ ဖွဲ့က ဒီကနေ့ အောက်တိုဘာ ၃ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
Myanmar Women in Media (MWiM) နဲ့အတူ Burma Women’s Union (BWU)နဲ့ Sisters 2 Sisters စတဲ့ အမျိုးသမီးအဖွဲ့တွေက တောင်းဆိုကြတာဖြစ်ပြီး ချက်ချင်းလွှတ်ပေးဖို့၊ သတင်းလွတ်လပ်ခွင့်ကို လေးစားဖို့နဲ့ အမျိုးသမီး သတင်းသမားတွေရဲ့ လုံခြုံရေး စတဲ့အချက်တွေ ပါဝင်ပါတယ်။
ရက္ခိုင်ပြည် မောင်တောအခြေစိုက် BNA သတင်းဌာနရဲ့ အမျိုးသမီးသတင်းထောက် မုဒြာကို အာရက္ခတပ်တော် က ပြီးခဲ့တဲ့စက်တင်ဘာလ ၂၀ ရက်ကနေစပြီး ဖမ်းဆီးထားတာဟာ ၂ ပတ်ကြာမြင့်နေပြီဖြစ်ပြီး အခုလို အမျိုးသမီးသတင်းထောက်ကို ဖမ်းဆီးထားတဲ့အပေါ် MWiM နဲ့အတူ အမျိုးသမီးအဖွဲ့အစည်းတွေက စိုးရိမ်ပူပန်နေကြပါတယ်။
သတင်းထောက် မုဒြာက သတင်းမီဒီယာလုပ်ငန်းကို ထမ်းဆောင်နေတာဖြစ်ပြီး သတင်းထောက်တစ်ဦးကို အခုလို ကြာရှည်စွာ ဖမ်းဆီးစစ်ဆေးနေတာက ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုနဲ့ လွတ်လပ်စွာ သတင်းရယူတင်ပြခွင့်ကို တိုက်ရိုက်ထိပါးစေသည်သာမက သတင်းလွတ်လပ်ခွင့် (Freedom of Press) နဲ့ ထုတ်ဖော်ပြောဆိုခွင့် (Freedom of Expression) ကို ထိခိုက်စေတယ်လို့ ဖော်ပြထားပါတယ်။
အဲဒါအပြင် အာဏာပိုင်အဖွဲ့အစည်းတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးကလည်း မီဒီယာသမားတွေရဲ့ လုပ်ငန်းခွင် လွတ်လပ်မှုနဲ့ ဘေးကင်းလုံခြုံမှုကို လေးစားလိုက်နာဖို့၊ တာဝန်ဝတ္တရားတွေကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ကို အပြည့်အဝ လေးစားဖို့ လိုအပ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် အာရက္ခတပ်တော်အနေနဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ သတင်းလွတ်လပ်ခွင့်နဲ့ သတင်းထောက်တစ်ဦးရဲ့ သတင်းအလုပ် လုပ်ကိုင်နေတာကို နားလည်ပြီး သတင်းထောက် မုဒြာကို အမြန်ဆုံး ပြန်လည် လွှတ်ပေးဖို့ တောင်းဆိုထားကြတာ ဖြစ်ပါတယ်။
MWiM က အမျိုးသမီး မီဒီယာသမားများအတွက် ဦးစားပေးလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် တိုက်ပွဲနယ်မြေနဲ့ စိန်ခေါ်မှုတွေများတဲ့ နေရာဒေသတွေမှာ ရဲဝံ့စွာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးသတင်းထောက်တွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် အထူးအလေးထား စိုးရိမ်ပူပန်တယ်လို့ ပြောပါတယ်။
အာရက္ခတပ်တော် ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက အမျိုးသတင်းထောက် မုဒြာကို စစ်ပွဲကာလ လိုက်နာရမယ့် စည်းကမ်းတွေကို ကျော်လွန်လုပ်ဆောင်နေတဲ့အတွက် ခေါ်ယူစစ်ဆေးနေတာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) ကလည်း အမျိုးသမီးသတင်းထောက် မုဒြာကို AA က ချက်ချင်းလွှတ်ပေးဖို့ စက်တင်ဘာလ ၂၃ ရက်နေ့မှာ တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံက ၂၀၂၅ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်း (RSF) မှာ နိုင်ငံပေါင်း (၁၈၀) အနက် အဆင့် ၁၆၉ နဲ့ အလွန်ဆိုးရွားစွာ ရပ်တည်နေတဲ့ အခြေအနေမှာ မီဒီယာသမားတွေအပေါ် ဖိအားပေးမှုတွေ ထပ်မံဖြစ်ပေါ်တာကို MWiM က ပြင်းထန်စွာ ရှုတ်ချတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။