စစ်တွေမှာ စက်သုံးဆီ ၁၂၀၀၀ ကျပ် ဝန်းကျင်မှာသာရှိ

အာရက္ခတိုင်းမ်စ် (၆ အောက်တိုဘာ ၂၀၂၅)

ရက္ခိုင်ပြည် စစ်တွေမြို့မှာ စက်သုံးဆီဈေးနှုန်းဟာ ၁၂၀၀၀ ကျပ် ဝန်းကျင် ပတ်ချာလည်မှာပဲ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အရင်က စက်သုံးဆီဈေးဟာ တစ်လီတာကို ၁၅၀၀၀ ကျပ် အထိ ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ‌တော့ ၁၂၀၀၀ ကျပ် ဝန်းကျင်အထိ စက်သုံးဆီနှုန်းထား ဖြစ်သွားတာဟာ တလဝန်းကျင်ခန့် ရှိပြီ ဖြစ်ပြီး ၁၁၀၀၀ ကျပ်၊ ၁၂၀၀၀ ကျပ် အတွင်းသာ ဖြစ်နေကြောင်း ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်တွေဒေသခံတစ်ဦးက “စက်သုံးဆီကတော့ ပုံမှန်အတိုင်းပဲ။ အရင်တုန်းက ၁၅၀၀၀ ကနေပြီးတော့ အခု ၁၂၀၀၀ ဖြစ်သွားတယ်။ ၃၀၀၀ ကျသွားတယ်။ ဝယ်ချင်တိုင်း ဝယ်မရဘူး။ အပြင်မှာတော့ ရတာပေါ့။ အစိုးရဈေးနဲ့ဆို မရှိဘူး။ အပြင်မှာတော့ ၁၂၀၀၀ ရှိတယ်။ ဆီတွေက တပ်က ထုတ်ပေးနေတာ။ သူတို့ ထုတ်ပေးတာမှာက အပြင်ကို အပြင်မှာပဲ ထုတ်ပေးတာ” လို့ သူက ပြောပါတယ်။

ရက္ခိုင်ပြည်မှာ စက်သုံးဆီဈေးနှုန်းတွေဟာ အကြမ်းဖက် စစ်ကော်မရှင်နဲ့ အာရက္ခတပ်တော်တို့ စတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကတည်းက အခုထက်ပိုတဲ့ နှုန်းထားတွေအထိ အဆမတန် မြင့်တက်ခဲ့ပြီး ကျပ် ၅၀၀၀၀ အထိ ပေါက်ဈေးတွေ ရှိခဲ့ပါတယ်။

အရင် တိုက်ပွဲတွေ မဖြစ်ခင်က တစ်လီတာကို ၃၀၀၀ ကျပ် ဝန်းကျင်အထိပဲ ရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ စက်သုံးဆီဈေး တလီတာကို ၁၂၀၀၀ ကျပ်ဝန်းကျင်မှာပဲ ရှိနေတာဟာ သင်္ဘောတွေကနေ ဆီတွေ အဝင်များလာတာကြောင့် ဖြစ်နိုင်တယ်လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အဝင်များလို့ မတက်တာ။ သင်္ဘောတွေမှာ ပါလို့ နေမှာပေါ့။ သင်္ဘောတွေ အဝင်များတော့ ဈေးက ၁၂ ကနေ ၁၂ တောင်မှပဲ ထပ်ကျမယ်လို့ ပြောသံ ကြားတယ်။ ကျတော့ မကျသေးဘူး” လို့ သူက ပြောပါတယ်။

လက်ရှိ စစ်တွေမြို့ပေါ်က ရပ်ကွက်တချို့မှာတော့ အင်တာနက်လိုင်းအချို့ ပြန်လည် ရရှိနေကြပါတယ်။

ဒါ့အပြင် ကုန်ဈေးနှုန်းတွေဟာလည်း ကုန်သင်္ဘော အများအပြား ဝင်ရောက်ထားတဲ့အတွက် အရင်ထက် နှုန်းထားတွေ ကျဆင်းသွားကြောင်း သိရပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း ဈေးတွေမှာ လက်ကမ်းစာစောင်ဝေတာတွေကို အကြမ်းဖက် စစ်ကော်မရှင်ဘက်က ပြုလုပ်နေကြောင်းလည်း ဒေသခံတွေထံက သိရပါတယ်။

Related posts

မီးလောင်မြေသို့ သွားရောက်ခြင်း

မြောက်ဦးတွင် ကလေးငယ် ၄ ဦးကို မုဒိမ်းမှု ကျူးလွန်ရန် ကြံစည်အားထုတ်သူ ၁ ဦးကို ဒီလပ် ဖမ်းဆီး

လေကြောင်းလိုင်းအားလုံး ပြည်တွင်း ခရီးစဉ်တွေရပ်နား