အာရက္ခတိုင်းမ်စ် (၁၁ အောက်တိုဘာ ၂၀၂၅)
ရက္ခိုင်ပြည်အတွင်း ပင်လယ်ကမ်းနီး မြို့၊ ရွာတွေက မိဘပြည်သူတွေအနေနဲ့ ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်ရဲ့ ရေကြောင်း၊ လေကြောင်း တိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြဖို့နဲ့ စစ်ရေးသတိရှိကြဖို့ အာရက္ခတပ်တော် က အောက်တိုဘာ ၁၀ ရက်နေ့မှာ သတိပေးထုတ်ပြန်လာပါတယ်။
ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်ရဲ့ စစ်သင်္ဘောတွေက ပင်လယ်ပြင်ကနေပြီး စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်တာ၊ ပင်လယ်ပြင်ကမ်းနီးအတွင်း တစ်နိုင်တစ်ပိုင်ဝမ်းစာရှာ ငါးဖမ်းထွက်နေကြတဲ့ ရေလုပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေကို အခုရက်တွေမှာ ဆက်တိုက်ပြုလုပ်လာနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ (၆) ရက်နေ့မှာ သံတွဲမြို့၊ တောင်မကျည်းတိုက်နယ်၊ ဆတ်လည်မျှော်ကျေးရွာက ရေလုပ်သားပြည်သူ (၄) ဦးဟာ ပင်လယ်ပြင်ကမ်းနီးမှာ ငါးဖမ်းနေစဥ် စစ်ကော်မရှင် ရေတပ်က ဖမ်းဆီးခဲ့ပါတယ်။
အလားတူ အောက်တိုဘာလ (၃) ရက်နေ့မှာလည်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်က ကျောက်ဖြူမြို့၊ ဆားပြင်ကွင်း ရပ်ကွက်က အပြစ်မဲ့ ရေလုပ်သားပြည်သူ (၂၀) ကျော်ကို အကြောင်းမဲ့ ဖမ်းဆီးခဲ့တယ်။
အဲဒါအပြင် စစ်ကော်မရှင်က လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာနေရာတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံ ဆေးခန်းတွေနဲ့ သာသနိကအဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပစ်မှတ်ထားပြီး ရေကြောင်း၊ လေကြောင်းကနေ တိုက်ခိုက်တာတွေကို ပြုလုပ်လျက်ရှိနေပါတယ်။
စက်တင်ဘာလ (၄) ရက်မှာ ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်ရဲ့ စစ်သင်္ဘောကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သံတွဲ ငပလီကမ်းခြေအနီးနဲ့ လင်းရိုးတောင်ထက်ကို လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ပြီး စက်တင်ဘာလ (၂၉) ရက်နေ့မှာလည်း စစ်ကော်မရှင်ရဲ့ စစ်သင်္ဘောတွေကနေ သံတွဲမြို့နဲ့ မြို့ ပတ်ဝန်းကျင်နေရာအများအပြားကို လက်နက်ကြီးနဲ့တောက်လျှောက် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းဝင်း နေရာတချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
အကြမ်းဖက် စစ်ကော်မရှင်ရဲ့ သံတွဲမြို့ပေါ်ရပ်ကွက်များရှိ အပြစ်မဲ့အရပ်သား ပြည်သူများအပေါ် လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် စက်တင်ဘာလအတွင်း အပြစ်မဲ့အရပ်သား ဦးညီညီ (၄၀) နှစ်က ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင် (၁) ဦးနဲ့ အသက် (၆) နှစ်အရွယ် ကလေးငယ် (၁) ဦး အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ (၄) ဦးတို့ ပြင်းထန် ဒဏ်ရာရရှိခဲ့ပါတယ်။
ဂွမြို့နယ်ကိုလည်း စစ်ကော်မရှင်က အောက်တိုဘာလ ၉ ရက်နေ့မှာ စစ်သင်္ဘောပေါ်ကနေ လက်နက်ကြီးတွေနဲ့ ၁၁ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဲဒီနေ့မှာပဲ သံတွဲ (ငပလီ) ကမ်းခြေ မျက်နှာချင်းဆိုင်မှာအထိုင်ချထားတဲ့ စစ်သင်္ဘောတွေကနေ လက်နက်ကြီးတွေနဲ့ သံတွဲမြို့ကို ရမ်းသန်းပစ်ခတ်ခဲ့တဲ့အပြင် သံတွဲ နဲ့ ဂွ မြို့ပေါ်ကို Y8 ၊ Y12 လေယာဉ်တွေနဲ့ (၄) နာရီခန့်ကြာ မရပ်မနား ဆက်တိုက်ဝဲပျံနေခဲ့ပါတယ်။
အဲဒီနောက် အောက်တိုဘာလ (၁၀) ရက်နေ့၊ နံနက် (၈) နာရီခန့်အချိန်မှာ သံတွဲမြို့အနီး ပတ်ဝန်းကျင်ကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
လက်ရှိအချိန်မှာ အာရက္ခတပ်တော်နဲ့ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တို့ဟာ နှစ်ဖက်စလုံးအတွက် စစ်ရေးအချက်အချာကျသော ကျောက်ဖြူ၊ မကွေးတိုင်း (နတ်ရေကန်)၊ ပဲခူးတိုင်း (ညောင်ကျိုးဗျူဟာကုန်း) နဲ့ ဧရာဝတီတိုင်းအစပ် (လေးမျက်နှာမြို့နယ်အတွင်း) စတဲ့ နေရာ ၅ ခု အပြန်အလှန်ထိုးစစ်တွေနဲ့အတူ နေ့စဉ်ရက်ဆက် တိုက်ခိုက်နေခဲ့ကြပြီး နေ့စဥ် တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပါတယ်။