ARSA၊ RSO ရဲ့ တိုက်ခိုက်မှုကြောင့် မောင်တောဒေသခံ ၁ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁၂ အောက်တိုဘာ ၂၀၂၅)

အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ARSA၊ RSO ရဲ့ တိုက်ခိုက်မှုကြောင့် မောင်တောဒေသခံ ၁ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်လာပါတယ်။

အောက်တိုဘာ ၁၁ ရက်နေ့ နေ့လည် ၃ နာရီအချိန်မှာ မောင်တောမြို့မြောက်ပိုင်း၊ လိပ်ရခွဆုံရဲ့တောင်ဘက် မီတာ ၂၀၀ အကွာမှာ အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် လက်နက်ကိုင် ၁၀ ဦးဟာ ဒေသခံ ဆိုင်ကယ်သမား ၃ ဦးကို ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် ကိုငြိမ်းချမ်း ၂၂ နှစ်ဟာ နောက်ကျောမှ ကျည်ဝင်ပြီး ဝမ်းဗိုက်မှ ဖောက်ထွက်သော ကျည်ဆန်ဒဏ်ရာ​ကြောင့် နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားပါတယ်။

ကျန် ၂ ဦးဖြစ်တဲ့ ကိုသော်ဇင် ၂၃ နှစ်နဲ့ ကိုနိုင်လင်း ၃၃ နှစ်တို့ဟာ ထွက်ပြေးလွတ်မြောက်လာခဲ့ပေမယ့် ဒဏ်ရာပြင်းထန်ရထားပြီး အာရက္ခတပ်တော်က အချိန်မီ ဆေးကုသပေးလျက်ရှိပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက် နံနက်ပိုင်းမှာလည်း တောင်ပြိုကျေးရွာကနေ အောင်သာယာကျေးရွာကို ကုန်ပစ္စည်းတွေနဲ့အတူ ဆိုင်ကယ်နဲ့ သွားတဲ့ ခရီးသွားပြည်သူ ၃ ဦးကို ARSA လက်နက်ကိုင် တပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၁ ဦးမှာ ဒဏ်ရာရရှိခဲ့ပါတယ်။

လိပ်ရခွဆုံနဲ့ သာယာကုန်းကျေးရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ်ပြီး အသက် ၂၈ နှစ်အရွယ် ကိုမင်းထွန်းအောင်မှာ ညာဘက်နဖူး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ နယ်ခြားစောင့်တပ် BGB ထဲမှာ အစ္စလာမ်မစ် အစွန်းရောက် ဝါဒကို လက်ကိုင်ထားကြတဲ့ အရာရှိတွေရှိပြီး အဲဒီသူတွေကနေတဆင့် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ARSA နဲ့ RSO တို့ကို လက်နက်၊ ရိက္ခာတွေနဲ့ နေရာတွေကို ထောက်ပံ့ပေးပြီး အာရက္ခတပ်တော်နဲ့ ထိတွေ့တိုက်ပွဲတွေ ဖန်တီးတာ ဖြစ်ပါတယ်။

နှစ်ဖက်နယ်စပ် တည်ငြိမ်ရေး၊ လုံခြုံရေးနဲ့ ဆက်ဆံရေးတွေကို ထိခိုက်ပြီး နှစ်ဖက်တင်းမာမှု ပိုပြီး မြင့်တက်လာတာကို ကာကွယ်နိုင်ဖို့အတွက် အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွတွေအပေါ် ခွင့်ပြု၊ ထောက်ပံ့ကူညီပြီး အားပေးအားမြှောက်ပေးနေတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ အစွန်းရောက် စစ်သွေးကြွဝါဒအားပေးနေတဲ့ အကျင့်ပျက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB က အရာရှိတွေနဲ့ စစ်သွေးကြွ လှုပ်ရှားမှုအပေါ် ထောက်ခံအားပေးနေကြတဲ့သူတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ အမြန်ဆုံး ဖော်ထုတ်အရေးယူဖို့ လိုအပ်တယ်လို့ အာရက္ခတပ်တော် AA က ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့မှာ တိုက်တွန်းခဲ့သလို လက်ရှိဖြစ်စဥ်ကြောင့် ထပ်မံပြီးတိုက်တွန်းထားပါတယ်။

အဲဒါအပြင် စစ်သွေးကြွ ARSA၊ RSO အဖွဲ့တွေ ပြုလုပ်နေတဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ စစ်ဆင်ရေးတွေကို အကျင့်ပျက် ဘင်္ဂလားနယ်ခြားစောင့်တပ် တချို့နဲ့ စစ်ဘက်က အရာရှိတချို့ရဲ့ ကူညီထောက်ပံံ့ပေးတာတွေ ပါဝင်ပြီး ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်နဲ့ လက်ဝါးချင်းရိုက်ကာ ဟန်ချက်ညီဆောင်ရွက်နေတဲ့ အပေးအယူတစ်ခုလည်း ဖြစ်နိုင်တယ်လို့ အာရက္ခတပ်တော်က သုံးသပ်ထားပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ