စစ်တွေမှာ ဒေါ်စောမြရာဇာလင်းက ဆန်၊ ထင်း၊ ဆီနဲ့ ငပိ လှူဒါန်းမယ်

အာရက္ခတိုင်းမ်စ် (၁၂ အောက်တိုဘာ ၂၀၂၅)

စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည် စစ်တွေမြို့က မရှိဆင်းရဲ့သား လူ ၃၀၀၀ ခန့်ကို လာမယ့် တန်ဆောင်မုန်းလမှာ ဆန်၊ ထင်း၊ ဆီနဲ့ ငပိတွေကို လှူဒါန်းသွားမယ်လို့ ဒေါ်စောမြရာဇာလင်းက သူ့ရဲ့ ဖေ့စ်ဘုတ်လူမှုကွန်ယက်စာမျက်နှာကနေတဆင့် ပို့စ်တင်ထားပါတယ်။

ဒေါ်စောမြရာဇာလင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကနေ လက်ရှိအချိန်ထိ စစ်တွေမှာ ယခုလို လှူဒါန်းမှု ၄ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး လာမယ့် တန်ဆောင်မုန်းလမှာ လူ ၃၀၀၀ ခန့်ကို လှူဒါန်းနိုင်ဖို့ ဒေါ်စောမြရာဇာလင်းက ငွေကျပ် သိန်း ၂၀၀ မတည်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါပေမယ့် အရင်က လှူဒါန်းမှုမှာ မွတ်ဆလင်တွေနေတဲ့ ကုလားရွာ၊ မင်းဂံရွာရပ်ကွက်တွေမှာပဲ လှူလေ့ရှိပြီး တခြားသောရပ်ကွက်ကလူတွေ တစ်ခါမှ မရကြဘူးလို့ စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်က ဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“သူ လုံလောက်အောင် ပေးမှာလား။ အဲဒီလူတွေကို ဘယ်နှစ်လစာ ပေးမှာလဲ။ ဆင်းရဲတဲ့သူတွေကို ဘယ်နှစ်လစာ စားနပ်ရိက္ခာ ဖူလုံအောင် ပေးမှာလဲ။ ဘယ်လိုပဲပေးပေး အကုန်လုံးက မရှိဆင်းရဲသားတွေပဲလေ။ ပေးတဲ့သူကို ကျေးဇူးတင်ရမှာပဲ။ နောက်တခုက သူတို့ပေးလို့ရှိရင် များများစားစား ပေးနိုင်ပါစေလို့ပဲ ဆုတောင်းတယ်။ အရင်ကဆို ကုလားရွာ၊ မင်းဂံရယ်၊ နောက်ရပ်ကွက်ရယ် ဒီလောက်ပဲပေးတာ။ အန်တီတို့ ရွာကြီးမြောက်တောင် မပါဘူး။ ဘယ်လိုပဲပေးပေးပါ အခု သူက ၃၀၀၀ ကျော်ပေးမယ်လို့ ပြောထားတယ်မလား အဲဒီ ၃၀၀၀ ကျော်ဆိုရင် စစ်တွေမြို့ တမြို့လုံးနီးပါး ရမှာပေါ့ အဲဒီလိုဆို ပျော်စရာကြီးပေါ့” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့က စစ်တွေမှာ မြောက်ဦးဆရာတော်ကြီးက စတုဒီသာ ဆန်အလှူပွဲပြုလုပ်ခဲ့ပြီး အဲဒီဆန်အလှူပွဲကို ဆင်းရဲနွမ်းပါးပြီး အငတ်ဘေးကြုံတွေ့နေကြရတဲ့ ပြည်သူတွေ လာရောက်တာ အလွန်များပြားတာကြောင့် တိုးမပေါက်အောင်ဖြစ်ခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။

လက်ရှိမှာလည်း ဒေါ်စောမြရာဇာလင်းက စစ်တွေမြို့က မရှိဆင်းရဲသားတွေအတွက် ဆန်အပါအဝင် လှူဒါန်းမှုတချို့ ပြုလုပ်မှာနဲ့ပတ်သက်ပြီး စစ်တွေဒေသခံတယောက်က အာရက္ခတိုင်းမ်စ်ကို အခုလို ပြောပါတယ်။

“မရဖူးဘူး။ တခါမှတောင် မရဖူးဘူး။ ကြားတော့ကြားတယ်။ လှူတယ် ဒါန်းတယ်တော့ ကြားတယ်။ တခါမှတော့ မရဖူးဘူး။ အခု ရမယ်ဆိုရင်တော့ ပျော်တာပေါ့။ ရွာထဲမှာ အကုန်လုံးတော့ ပျော်မှာပေါ့” လို့ ပြောပါတယ်။

စစ်ကော်မရှင်ဟာ စစ်တွေမြို့က ဒေသခံတွေ အလုပ်လုပ်နိုင်ဖို့အတွက် မြို့အပြင် ဝင်ထွက်သွားလာခွင့်ကိုလည်း ပိတ်ထားပြီး ငါးရှာခွင့်ကိုလည်း တင်းတင်းကျပ်ကျပ်ပိတ်ပင်ထားကာ တစ်ခြားတစ်ဖက်မှာလည်း ရန်ကုန်ကနေ ကုန်ပစ္စည်းတွေ သယ်ယူခွင့်ကိုလည်း အကန့်အသတ်နဲ့သာ သယ်ယူခွင့် ပြုထားတယ်လို့ သိရပါတယ်။

ဒါကြောင့် စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့စစ်တွေမြို့မှာ ဒေသခံတွေဟာ အလုပ်အကိုင်မရှိ၊ ဝင်ငွေ မရှိကြတဲ့အပြင် ကုန်စျေးနှုန်းကြီးမြှင့်မှုဒဏ်ကိုလည်း အလူးအလဲ ခံနေကြရတာ ဖြစ်ပါတယ်။

Related posts

ပုဏ္ဏားကျွန်းတိုက်ပွဲအတွင်း AA သိမ်းဆည်းရမိတဲ့ စစ်အသုံးအဆောင်များ

တရုတ်နယ်စပ် ခေါင်လန်ဖူးရှိ ရွေးတုတပ် ဗျူဟာစခန်းကို KIA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်

ဒရုန်းဗုံးကြောင့် ကျဆုံးခဲ့တဲ့ KNDF တပ်ဖွဲ့ဝင် ၅ ဦးရဲ့ ဈာပန ကျင်းပ