အာရက္ခတိုင်းမ်စ် (၁၃ အောက်တိုဘာ ၂၀၂၅)
ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် ကျောက်ပြောက်ရွာကို စစ်ကော်မရှင်ရဲ့ နေဗီကနေ အောက်တိုဘာ ၁၂ ရက် ညအချိန်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ်တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“ ည ၇ နာရီလောက်က နေဗီကနေ လက်နက်ကြီး ၂ လုံး ပစ်တာမှာ ၁ လုံးက ရွာထဲကို ကျပြီးတော့ ၃ နှစ် ကလေးကို အစထိမှန်သွားတယ်” လို့ ကျောက်ဖြူမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကော်မရှင် ပစ်ခတ်လို့ ထိခိုက်ဒဏ်ရာ ရရှိသွားသူကတော့ အသက် ၃ နှစ်အရွယ် မောင်ဘိုးရွှေလမင်း ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်ရဲ့ နေဗီဟာ ကျောက်ဖြူမြို့နယ် မင်းရပ်တိုက်နယ် ကျောက်ပြောက်ရွာအောက်ဖက်က ပင်လယ်ပြင်မှာ ကျောက်ချရပ်နားထားပြီး အရပ်သားပြည်သူတွေကို ရည်ရည်ချက်ရှိရှိ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။
အလားတူ ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် ငအုပ်ကျေးရွာကို အောက်တိုဘာလ ၁၀ ရက် ည ၇ နာရီခွဲခန့်က စစ်ကော်မရှင်ရဲ့ နေဗီကနေ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံအမျိုးသားတဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။