အာရက္ခတိုင်းမ်စ် (၂၉ နိုဝင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ် ကြောင်ဖိုကျေးရွာကို အကြမ်းဖက် စစ်ကော်မရှင်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၅ နှစ်အရွယ် ကလေးငယ် အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၇ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အာရက္ခတပ်တော် AA က နိုဝင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက် စစ်ကော်မရှင်က နိုဝင်ဘာလ ၂၈ ရက်နေ့၊ နံနက် (၁၀) နာရီ၊ (၄၀) မိနစ်အချိန်တွင် ကြောင်ဖိုကျေးရွာထဲကို ဗုံးကြဲချခဲ့တာဖြစ်ပြီ အပြစ်မဲ့ အရပ်သားပြည်သူ ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီး (၅) ဦးနဲ့ အမျိုးသား (၂) ဦး စုစုပေါင်း (၇) ဦးသေဆုံးခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသူ ၇ ဦးအပြင် နောက်ထပ် ၁၀ ဦးဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် (၅) လုံးလည်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
စစ်ကော်မရှင်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေကတော့ အသက် ၅ နှစ်အရွယ် မထိပ်ထားသဇင်၊ အသက် ၂၂ နှစ်အရွယ် မခိုင်ခိုင်အေး၊ အသက် ၃၇ နှစ်အရွယ် မစိုးချေမေ၊ အသက် ၄၂ နှစ်အရွယ် ဦးဦးသန်းရွှေ၊ အသက် ၅၃ နှစ်အရွယ် ဦးအောင်ထွန်းမြ၊ အသက် ၅၄ နှစ်အရွယ် ဒေါ်အေးမြကြည် နဲ့ အသက် ၆၀ အရွယ် ဒေါ်မဲမျှသိန်း တို့ပဲ ဖြစ်ပါတယ်။
ဒဏ်ရ ရရှိခဲ့သူတွေထဲမှာ အသက် (၁၂) နှစ်အောက် ကျောင်းတက်နေတဲ့ ကလေးငယ် ကျောင်းသား/သူ (၆) ဦးပါဝင်ပြီး ၄ နှစ်အရွယ် ကလေးငယ် ၂ ဦး၊ ၅ နှစ်အရွယ် ၂ ဦး၊ ၁၀ နှစ်အရွယ် ၁ ဦးနဲ့ ၁၂ နှစ်အရွယ် ၁ ဦး ပါဝင်ပြီး အများစုမှာ ကျောင်းသူ မိန်းကလေးငယ်များဖြစ်ကြပါတယ်။
စစ်ကော်မရှင်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကတော့ အသက် ၄ နှစ်အရွယ် မဖြိုးသန္ဒာစိုး၊ အသက် ၄ နှစ်အရွယ် မောင်ဉာဏ်ဇော်လင်း၊ အသက် ၅ နှစ်အရွယ် မနှင်းမြတ်သိင်္ဂီ၊ အသက် ၅ နှစ်အရွယ် မချိုချိုလွင်၊ အသက် ၁၀ နှစ်အရွယ် မောင်အောင်ဟိန်းစိုး၊ အသက် ၁၂ နှစ်အရွယ် မနွယ်နွယ်မိုး၊ အသက် ၁၉ နှစ်အရွယ် မအေးဝင်းစန္ဒီ၊ အသက် ၂၃ နှစ်အရွယ် မချိုအေးသန်း၊ အသက် ၄၅ နှစ်အရွယ် ဒေါ်လှလှဦး နဲ့ အသက် ၆၈ နှစ်အရွယ် ဦးအောင်စိန်ထွန်း တို့ပဲ ဖြစ်ပါတယ်။
အာရက္ခတပ်တော် AA နဲ့ ရင်ဆိုင်တိုက်ပွဲတွေမှာ အကျအဆုံးအထိအခိုက်တွေနဲ့ ရင်ဆိုင်နေရတဲ့ အကြမ်းဖက် စစ်ကော်မရှင်ဟာ သူရဲဘောကြောင်စွာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်တဲ့ ရပ်ရွာတွေကို လေကြောင်းကနေ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေပြီး ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ဆက်တိုက် ကျူးလွန်လျက်ရှိနေပါတယ်။
ဓာတ်ပုံများ ပိုမိုကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်။