အာရက္ခတိုင်းမ်စ် (၁၈ ဒီဇင်ဘာ ၂၀၂၅)
လျှပ်စစ်မီးမရရှိတာ ၂ နှစ်ကျော်ကြာပြီဖြစ်တဲ့ ရက္ခိုင်ပြည် စစ်တွေမြို့မှာ ရွေးကောက်ပွဲပြီးလို့ စကမ ဘက်က လျှပ်စစ်မီးရအောင် ပြန်လုပ်ပေးခဲ့မယ်ဆိုရင်တောင် ဒေသခံလူထုက မီးကြိုးဖိုး မတတ်နိုင်ကြဘူးလို့ စစ်တွေဒေသခံတချို့က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရက္ခိုင်ပြည်မှာ ၂၀၂၃ ခုနှစ် မေလ မိုခါမုန်တိုင်း ဝင်ရောက် တိုက်ခိုက်သွားပြီးကတည်းက ဓာတ်တိုင်၊ မီးကြိုးတွေ အကုန်ပျက်စီးသွားခဲ့ရာကနေ စကမ ဘက်က လျှပ်စစ်မီးရရှိအောင် မလုပ်ပေးနိုင်တာဟာ ဒီကနေ့ အချိန်အထိပဲ ဖြစ်ပါတယ်။
တကယ်လို့ လျှပ်စစ်မီး ပြန်ပေးခဲ့မယ်ဆိုရင်တောင် သူဌေးတွေပဲ မီးကြိုးဖိုးကို တတ်နိုင်ကြမှာဖြစ်တယ်လို့ စစ်တွေဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“မီးပြန်ပေးဖို့ဆိုရင်တောင် မီးကြိုးကို ဝယ်နိုင်ဖို့ မဟုတ်ပါ။ မီးကြိုးက တိုင်ကနေ အိမ်ကိုသွယ်တဲ့ မီးကြိုးက ဈေးကြီးပါဖို့။ ဝယ်နိုင်ဖို့ မဟုတ်ပါ။ မီးပေးမယ်ဆိုရင်လည်း အဆင်ပြေဖို့ မဟုတ်ပါ။ သူဌေးသာ တတ်နိုင်ပါဖို့။ ကျမတို့က ဆင်းရဲပါတယ်မလား။ ကျမတို့က တစ်ရက်လုပ်မှ တစ်ရက် စားရတာပါ” လို့ သူက ပြောပါတယ်။
ရက္ခိုင်ပြည်မှာ လျှပ်စစ်မီး မရရှိတာကြောင့် ဖုန်းအားသွင်းတဲ့အခါမှာလည်း အခကြေးငွေပေးပြီး သွင်းနေကြရတာပါ။
ဒါ့အပြင် ထမင်းဟင်း ချက်ပြုတ် စားသောက်ဖို့အတွက်လည်း ထင်းနဲ့ မီးသွေးတို့ကို အသုံးပြုနေရတာ ဖြစ်တဲ့အလျောက် ထင်းတွေဟာလည်း အရင်ကထက် ပိုပြီး ရှားပါးလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒါကြောင့် လျှပ်စစ်မီးရရှိအောင် လုပ်ပေးမယ်ဆိုရင်တောင် အစ အဆုံး အကုန်လုံးကို စကမ ဘက်က တာဝန်ယူပြီး လုပ်ပေးမှပဲ ဒေသခံတွေအတွက် အဆင်ပြေမှာဖြစ်တယ်လို့ စစ်တွေဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“လျှပ်စစ်မီးကို လုပ်ပေးမယ်ဆိုရင် အားလုံးကို သူတို့ အစကနေ အဆုံး လုပ်ပေးမှပဲ အဆင်ပြေပါဖို့။ မဟုတ်တောင် အစိုးရတစ်ဝက် အိမ်ရှင်တစ်ဝက်ဆိုရင်တော့ နည်းနည်း အဆင်ပြေမယ်လို့ ထင်ပါတယ်။ မီးရရင်တော့ ကောင်းတာပေါ့။ မီးရအောင် လုပ်ပေးရင်တော့ ကောင်းတာပေါ့။ မီးရတယ်ဆိုရင် ထင်းကို ပူစရာမလိုတော့ပါ မလားယေ” လို့ သူက ပြောပါတယ်။
လက်ရှိမှတော့ စကမ ဟာ ရက္ခိုင်ပြည်က သူထိန်းချုပ်နိုင်တဲ့ မြို့ ၃ ခုမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့အလျောက် တခြား အာရက္ခတပ်တော် သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကိုလည်း လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကို နေ့စဉ်ရက်ဆက် ပြုလုပ်လာနေတာပါ။