အာရက္ခတိုင်းမ်စ် (၂၂ ဒီဇင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည် စစ်တွေမြို့မှာ ရွေးကောက်ပွဲ နီးကပ်လာချိန်ဖြစ်တဲ့အလျောက် စစ်ကော်မရှင် ခန့်ထားတဲ့ ပြည်နယ်အစိုးရက ဒီဇင်ဘာ ၁၇ ရက်နေ့က စတင်ကာ အခြေခံစားသောက်ကုန်တွေကို ပြင်ပပေါက်ဈေးထက် လျှော့ပြီး ရောင်းချပေးနေတယ်လို့ စစ်တွေဒေသခံတွေထံက သိရပါတယ်။
“အစိုးရက စားသောက်ကုန်နဲ့ ပတ်သက်ပြီးတော့ ဒီလ ၁၇ ရက်နေ့ကစပြီး ရပ်ကွက်အလိုက် ရောင်းပေးတယ်။ ရပ်ကွက်တွေမှာ အိမ်ထောင်စုစာရင်း ရှိတဲ့လူတွေကို နေထိုင်တဲ့လူတွေကို ကဒ်ပြားတခုစီ ပေးတယ်။ အဲဒီမှာ နာမည်ရယ် အိမ်နံပါတ်ရယ်ပေါ့။ အဲဒါရေးပေးပြီးတော့ အဲဒီကဒ်ပြားပါတဲ့လူက ကိုယ်နှစ်သက်တဲ့ ဆန်ဆိုဆန်၊ ဆီဆိုဆီ၊ ငရုတ်သီးဆိုငရုတ်သီး၊ ကြက်သွန်ဆိုကြက်သွန် အဲဒီလိုမျိုးတွေ ဝယ်ရမယ်လို့ ပြောတယ်။ ဆိုတော့ ဆန်က ပေါ်ဆန်းမွှေးတအိတ်ကို ၁ သိန်း ၃ သောင်း၊ နောက် ရိုးရိုး ရက္ခိုင်လို ဆန်ရှည်က တအိတ်ကို ၇ သောင်း၊ ဆီက ဘာဆီလဲတော့ မသိဘူး တပိဿာကို ၉ ထောင်၊ ကြက်သွန်အနီက တပိဿာကို ၂ ထောင်၊ ကြက်သွန်အဖြူက တပိဿာ ၆ ထောင်၊ ပဲအမျိုးမျိုးလို့ သတ်မှတ်ထားတာက တပိဿာကို ၆ ထောင်၊ အာလူးက ၇ ထောင်၊ ကြက်ဥက ၅၀၀၊ ဆပ်ပြာမှုန့်က တထုပ်ကို ၁၃၀၀၊ ကော်ဖီမစ်က ဘာလဲတော့မသိဘူး ၄၂၀၀၊ မီးသွေးကတော့ ပါတယ်။ ဒါပေမယ့် မီးသွေးမရဘူးလို့ ပြောထားတယ်။ ငရုတ်သီးခြောက်က ၁၂၅၀၀၊ ခေါက်ဆွဲခြောက်က ၆၅၀၊ ကြက်သားသေတ္တာက ၂၅၀၀ တဲ့ အဲဒီလို ကုန်ဈေးနှုန်းတွေ သတ်မှတ်ထားပြီးတော့ ကိုယ်လိုချင်တဲ့ဟာကို ကိုယ်တတ်နိုင်သလောက် ဝယ်လို့ရတယ် ဆိုပြီးတော့” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရက္ခိုင်မှာ တကျော့ပြန် စစ်ပွဲတွေ ပြန်လည် ဖြစ်ပွားချိန်ကနေစလို့ စစ်ကော်မရှင် ခန့်ထားတဲ့ ပြည်နယ်အစိုးရက အခုလိုမျိုး ရောင်းချပေးတာဟာ ဒီတကြိမ်က ပထမဆုံး အကြိမ်ပဲဖြစ်ပြီး ဘယ်နေ့အထိ ရောင်းချပေးမယ် ဆိုတာကိုတော့ မသိရဘူးလို့ ဆိုပါတယ်။
အဲဒီလို ရောင်းချပေးမယ့် အစီအစဉ်ကို မိုးရာသီကတည်းက လုပ်ဆောင်ဖို့ စီစဉ်ထားတာ ဖြစ်တယ်လို့ ကြားရပြီး ရာသီဥတုအခြေတွေကြောင့် အခုမှ တိုက်တိုက်ဆိုင်ဆိုင် ရွေးကောက်ပွဲ နီးကပ်တော့မှ ရောင်းချလာတာ ဖြစ်ပါတယ်။
စစ်ကော်မရှင် ခန့်ထားတဲ့ ပြည်နယ်အစိုးရတို့ ရောင်းချပေးနေတဲ့ ဈေးနှုန်းဟာ အပြင်ပေါက်ဈေးထက် အများကြီး သက်သာပေမယ့် ပေါ်ဆန်းမွှေးနဲ့ မီးသွေးကတော့ ဝယ်လို့မရဘူးလို့ သိရပါတယ်။
“သူတို့ ပေါ်ဆန်းမွှေးဆိုတဲ့ဆန်က ဘယ်လိုဆန်မျိုးလဲတော့ မသိဘူး။ ပေါ်ဆန်းမွှေး ဆိုတာနဲ့တင် ဒီမှာ ရောင်းတာ ၁ သိန်း ၃ သောင်း အပြင်မှာ ရောင်းတာ ၂ သိန်း ၆ သောင်း နှစ်ဆကွာတယ်။ ဆန်ရှည်ဆိုတဲ့ ဆန်က ၇ သောင်းလို့ ပြောတဲ့ဟာက အပြင်မှာ ၈ သောင်းတန် ရှိတယ်၊ ၉ သောင်းတန် ရှိတယ် အဲဒါကတော့ သိပ်မကွာဘူး။ ဆီကတော့ ကွာတယ်။ ဆီတပိဿာကို ၉ ထောင်ဆိုတာ ဒီမှာ အပြင်မှာ တလီတာကို ၉ ထောင်၊ ဒီမှာရောင်းတာက တပိဿာကို ၉ ထောင်ဆိုတော့ ကွာတာပေါ့။ တော်တော်များများ ကွာပါတယ်။ ကြက်သွန်နီ အပြင်မှာ ၃ ထောင် ဒီမှာ ၂ ထောင်၊ ကြက်သွန်အဖြူ ဒီမှာ ၆ ထောင် အပြင်မှာ ၈ ထောင်လား မသိဘူး” လို့ သူက ဆက်ပြောပါတယ်။
အပြင်ထက် ဈေးကွာတဲ့အတွက်ကြောင့် ဒေသခံလူထုကတော့ အဲဒီမှာ တန်းစီ ဝယ်ယူနေကြကြောင်းလည်း သိရပါတယ်။
အဲဒီလို ရောင်းချတာကို ဝယ်ယူဖို့အတွက် ကဒ်တွေ ပေးရာမှာလည်း အစိုးရက ချပေးတဲ့အတိုင်းမလုပ်ဘဲ ရပ်ကွက်လူကြီး၊ လမ်းလူကြီး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေက အချင်းချင်း ကွက်ကျော်ရိုက်တာတွေ ရှိတယ်လို့လည်း သိရပါတယ်။