အာရက္ခတိုင်းမ်းစ် (၁၅ ဇန်နဝါရီ ၂၀၂၆)
ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင် ၉ ထောင်အတွက် ဆပ်ပြာ နဲ့ ဆပ်ပြာမှုန့်များ ထောက်ပံ့ကူညီခဲ့တယ်လို့ Arakhan Responders for Emergency ရဲ့ တာဝန်ရှိသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ယားနာ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ နဲ့ တခြားကူးစက်ရောဂါတွေ ကာကွယ်ဖို့အတွက် စစ်ရှောင်တဦးကို ကာဘော်လစ်ဆပ်ပြာ ၄ ခဲ ပါတဲ့ တတောင့်နဲ့ အိန္ဒိယ ဆပ်ပြာမှုန့် အထုတ်သေး လေးထုတ်စီ ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး ဓမ္မပရဟိတအသင်းရဲ့ အလှူငွေ သိန်း ၆၁,၉၄၀,၀၀၀ ထဲက သုံးစွဲလှူဒါန်းခဲ့တာလို့ သိရပါတယ်။
“ စစ်ရှောင်စခန်းတွေက လူဦးရေ ထူထပ်တယ်။ အိမ်သာစနစ် အဆင်မပြေ၊ ရေ အခက်အခဲရှိနေတဲ့အတွက် ဝမ်းပျက်ဝမ်းလျှော နဲ့ ယားနာတွေ ဖြစ်ပွားခြင်းကို ကာကွယ်ရန်အတွက် ဖြစ်ပါတယ်။ သို့သော် တချို့ စစ်ရှောင်စခန်းတွေမှာ ယားနာတွေ ဖြစ်ပွားနေကြပြီ ဖြစ်ပါတယ်။ ယားနာ ဖြစ်ပွားမှုကတော့ အများကြီး တွေ့နေရပါတယ်။ စစ်ရှောင်စခန်းတခုမှာဆိုရင် လူဦးရေ ၃ပုံ ၂ ပုံခန့် ဖြစ် နေတာကို တွေ့ခဲ့ရပါတယ်။ လာမယ့်ရာသီမှာ ပိုမို မဖြစ်ရအောင် တားဆီလိုလို့ ဆပ်ပြာ ထောက်ပံ့ရခြင်း ဖြစ်ပါတယ်။ လက်ရှိမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့ လူဦးရေ အများကြီး မရှိသော်လည်း ဖြစ်မလာရအောင် ကြိုတင်ကာကွယ်လိုတဲ့ သဘောကြောင့် ဆပ်ပြာ လှုဒါန်းရခြင်း ဖြစ်ပါတယ်။ ဝမ်းပျက်ဝမ်းလျှော out Break ဖြစ်လာရင် ကုသရန် မလွယ်ကူတဲ့အတွက် ကြိုတင်ကာကွယ်ခြင်းဖြစ်ပါတယ်” လို့ အဆိုပါ ဝာာဝန်ရှိသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ကျောက်ဖြူမြို့နယ်မှာ စစ်ဘေးရှောင် ၂ သောင်းကျော်လောက် ရှိနေပြီး စစ်ဘေးရှောင်တိုင်းကို ထောက်ပံ့နိုင်ခြင်း မရှိသေးတဲ့အတွက် လက်ရှိမှာ ယားနာကူးစက်မှု အစပြုနေတဲ့ နေရာတွေနဲ့ တခြားအဖွဲ့အစည်း အထောက်အပံ့ မရနိုင်တဲ့နေရာတွေကို ရွေးချယ်ပြီး ထောက်ပံ့ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။