အာရက္ခတိုင်းမ်စ် (၁၆ ဇန်နဝါရီ ၂၀၂၆)
ရက္ခိုင်ပြည်အတွင်း စစ်ရှောင်ဦးရေ များပြားလာတာနဲ့ အမျှ မြေပြင်ရှိ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းအင်အား လုံလောက်မှုမရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး ဆေးဝါးဝယ်ယူရန် အခက်အခဲ ရှိနေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ဆိုပါတယ်။
စစ်ရှောင်တွေရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး Arakan Responders for Emergency ရဲ့ တာဝန်ရှိသူတဦးက “ ကျန်းမာရေး ပြဿနာတွေကတော့ အများကြီး ရှိပါတယ်။ ကျနော်တို့ စစ်ရှောင်စခန်းတွေမှာ ဆိုလို့ရှိရင် စစ်ဘေးရှောင်တွေဟာ ဆေးဝါးကုသဖို့ အခက်အခဲတွေ ရှိတယ်။ ပြီးလို့ရှိရင် သူတို့မှာ ဆေးဝါးကုသဖို့အတွက် လမ်းစရိတ်တွေ မကာမိတာ ရှိတယ်။ ပြီးလို့ရှိရင်ဖျားတာတွေ နာတာတွေက ဒီမှာ ကုလို့ရတယ်ဆိုပေမယ့် တချို့တွေက seriously ကျန်းမာရေး ပြဿနာတွေ ဖြစ်လာလို့ရှိရင် တခြားမြို့နယ်တွေကို သွားရတာ ရှိတယ်။ အဲ့အတွက် လမ်းစရိတ်ရှိရင်တောင် ဟိုဘက်မှာ တည်းခိုမယ့် နေရာမရှိဘူး။ တည်းခိုပြီး ဆေးကုဖို့ အသိတွေ မရှိဘူး။ အဲ့လို ပြဿနာတွေ အများကြီး ရှိပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ တချို့နေရာမှာဆိုလို့ရှိရင် ကျနော်တို့ ဌက်ဖျားရောဂါ ဖြစ်တာတွေတော့ တွေ့တယ်။ အများကြီး မဟုတ်တောင် တယောက်စ နှစ်ယောက်စပေါ့နော်။ အဲ့ တယောက်စ နှစ်ယောက်စကိုပဲ ကျနော်တို့ ကောင်းကောင်းမွန်မွန်ကိုင်တွယ်နိုင်တယ် ဆိုလို့ရှိရင်တော့ နေရာတိုင်းမှာတော့ ကူးစက်တာတို့ ဘာတို့ မရှိဘူးပေါ့နော်။ ဒါပေမယ့် အဲ့လိုမျိုး ကျန်းမာရေး ပြဿနာတွေကတော့ အဓိက ရင်ဆိုင်နေရတယ် ပြောရမှာပေါ့” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဆေးကုသမှု အပိုင်းမှာ ကုသဆောင်ရွက်ပေးနေတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းအင်အား မလုံလောက်မှုအပြင် ဆေးဝါးဝယ်ယူဖို့ ခက်ခဲခြင်း နဲ့ ဈေးနှုန်းကြီးမားခြင်း စတဲ့ အခြေနေတွေကိုလည်း ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
“ ကျနော်တို့ ဆောင်းတွင်းဆိုတော့လေ အဝတ်အထည် အမိုးအကာ မလုံလောက်တော့ ကျန်းမာရေး ပြဿနာအားဖြင့် ဖျားတာတို့ နှာစေးတာတို့ အဲ့လိုမျိုး ဖြစ်ကြတာလည်း ရှိတယ်။ ပြီးလို့ရှိရင် ဒီမှာက ဆေးရုံဆေးခန်းကလည်း ရှားပါးတယ်။ အနီးနားမှာရှိတဲ့ သူနာပြု ဆရာမတွေကလည်း လူဦးရေ နဲ့ အရေအတွက်က မလောက်မငှဘူး။ မလောက်ငှဘူးဆိုတော့ ဆေးဝါးတွေ ဝယ်ရ ခက်ခဲသလို ကျန်းမာရေး စောင့်ရှောက်မှုကလည်း ခက်ခဲတယ်။ ဆေးဝါးတွေ ဆိုလို့ရှိရင် အင်မတန်မှကို ဈေးကြီးပါတယ်။ သုံးရက်စာလောက်ကို ဆိုလို့ရှိရင် ပိုက်ဆံ ၁ သောင်း၊၂ သောင်းလောက် ပေးရတာမျိုးပေါ့နော်။ ဖျားနာရောဂါ တခုတည်းအတွက် အဲ့လိုမျိုးတွေ ရှိပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ လုပ်နိုင်တဲ့ အဖွဲအစည်းတွေ ရှိလို့ရှိရင် ဒီမှာ mobile clinic လို ပုံစံမျိုး လုပ်ကြဖို့ ဒါမှမဟုတ်ရင်လည်း mobile clinic လုပ်နေတဲ့ အဖွဲ့အစည်းတွေကို ဝိုင်းဝန်းပြီး ထောက်ပံ့ကြဖို့ ကျန်းမာရေးကဏ္ဍမှာ ဆိုလို့ရှိရင်ပေါ့နော်။ စစ်ရှောင်တွေကို ကျနော်တို့ လုပ်နေတဲ့ အဖွဲအစည်းတွေကတဆင့် ဖြစ်စေ ဒါမှမဟုတ်လည်း သက်ဆိုင်ရာ HDCO ဌာနတွေကတဆင့် ဖြစ်စေ အဲ့လိုမျိုး ဆက်သွယ် လှူဒါန်းကြစေလိုပါတယ်ဗျ” လို့ အဆိုပါ တာဝန်ရှိသူတဦးက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။
လက်ရှိ ကျောက်ဖြူမြို့နယ်မှာ စစ်ဘေးရှောင် ၂၅,၀၀၀ ခန့်၊ ရမ်းဗြဲမြို့နယ်မှာ ကျောက်ဖြူ စစ်ဘေးရှောင်၈၀၀၀ ခန့် နဲ့ တောင်ကုတ်မြို့နယ်မှာ ကျောက်ဖြူ စစ်ဘေးရှောင် ၅၀၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။