အာရက္ခတိုင်းမ်စ် (၁၈ ဇန်နဝါရီ ၂၀၂၆)
ရက္ခိုင်ပြည် ကျောက်ဖြူ၊ ရမ်းဗြဲနဲ့ တောင်ကုတ်မြို့နယ်ရှိ စစ်ရှောင်တွေကို စားနပ်ရိက္ခာနဲ့ ခြင်ထောင်များ ထောက်ပံ့ပေးခဲ့တယ်လို့ Arakan Responders for Emergency ရဲ့ တာဝန်ရှိသူတဦးက ဆိုပါတယ်။
Arakan Responders for Emergency နဲ့ အလှူရှင်တွေရဲ့ စုပေါင်း လှူဒါန်းမှုအဖြစ် ပထမအကြိမ်မှာ သိန်း ၁၃၅၀ ဖိုး၊ ဒုတိအကြိမ်မှာ ဓမ္မပရဟိတအသင်းရဲ့ လှူဒါန်းမှုအဖြစ် ဆန်အိတ် ၅၀၀ ကို ရမ်းဗြဲရှိ တိုက်နယ်လေးခု၊ တောင်ကုတ်၊ မအီမြို့နယ်မှာရှိတဲ့ ကျောက်ဖြူစစ်ရှောင်တွေကို လှူဒါန်းပေးခဲ့တာလို့ သိရပါတယ်။
“ ဒီဇင်ဘာလ ၁၇ ရက်ကနေ ဒီဇင်ဘာလ ၂၅ရက်လောက်ထိ ကျောက်ဖြူနဲ့ ရမ်းဗြဲမှာရှိတဲ့ စစ်ရှောင်တွေကို ပိုက်ဆံ သိန်း ၁ ထောင့်နဲ့ ၃ ရာ ၅၀ ဖိုးလောက် ဆန်၊ ဆီ၊ ငရုတ်ပေါ့နော် အဲ့ဒါလည်း ထောက်ပံ့ခဲ့တာ ရှိတယ်။ ပြီးလို့ရှိရင် ပထမတဖြတ် ကျနော်တို့ ခြင်ထောင်တွေ ထောက်ပံ့တုန်းက မရလိုက်တဲ့ စစ်ရှောင်မိသားစုတွေကို ခြင်ထောင်တွေ ထောက်ပံ့တာ ရှိတယ်။ ရမ်းဗြဲမှာဆိုရင် ကျောက်ဖြူစစ်ရှောင် အိမ်ထောင်စု ၅ ရာလောက်ကို ဆန်၊ ဆီ၊ ငါးခြောက် ပြီးတော့ ခြင်ထောင်ပေါ့နော်။ ခုနပြောတဲ့အတိုင်း အသစ်ရောက်လာတဲ့ စစ်ရှောင်တွေအတွက် ခြင်ထောင်တွေ ထောက်ပံ့တာ ရှိတယ်။ ကျောက်ဖြူဆိုလို့ရှိရင် အိမ်ထောင်စု ၂ ထောင်ကျော်လောက်ကို ဆန်၊ ဆီ၊ ငါးခြောက် ထောက်ပံ့တာ ရှိတယ်။ အဝတ်အထည်က ကျနော်တို့ မြောက်ဦးကနေ အလှူခံပြီး ရထားတဲ့အဝတ်အထည်တွေပေါ့။ အဲ့ဒါတွေကို ကျနော်တို့ ထောက်ပံ့ခဲ့တာ ရှိတယ် ဆိုတော့ ရမ်းဗြဲကို ထောက်ပံ့တယ် ပြီးလို့ရှိရင် ဒီလ ဇန်နဝါရီလ ၇ ရက်နဲ့ ၈ရက်နေ့လောက်မှာ ကျနော်တို့ ဓမ္မပရဟိတအသင်းက လှူထားတဲ့ ဆန်အိတ် ၅ ရာထဲက ဆန်အိတ် ၂၅၀ ကို ရမ်းဗြဲမှာရှိတဲ့ ပထမပေးတုန်းက မပါလိုက်တဲ့ တခြားတိုက်နယ်လေးခုကို ဆန်အိတ်၂၅၀ ထောက်ပံ့တာ ရှိတယ်။ ပြီးလို့ရှိရင် ကျနော်တို့ တောင်ကုတ်မှာရှိတဲ့ ကျောက်ဖြူက စစ်ရှောင်တွေအတွက် ဆန်အိတ် ၂၅၀ ထောက်ပံ့တာ ရှိတယ်။ ကျနော်တို့က အခုလုပ်နေတဲ့ ထောက်ပံ့မှုတွေကတော့ ရမ်းဗြဲ၊ ကျောက်ဖြူ၊ တောင်ကုတ်ပါတယ်လို့တော့ ပြောလို့ရတယ်ဗျ” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အခုလို ကူညီလှူဒါန်းမှုတွေ ရှိနေပေမယ့်လည်း အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးလာရတဲ့ စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်ချက်တွေကတော့ ရှိနေဆဲပဲလို့ သူက ဆိုပါတယ်။
“ ဟုတ် တခြားလိုအပ်ချက် ဘာတွေရှိလဲဆိုတော့ စစ်ရှောင်တွေဆိုပေမယ့် စစ်ရှောင်တွေလိုအပ်ချက်က ကျနော်တို့လိုအပ်ချက်နဲ့ အတူတူပါပဲ။ ကျနော်တို့ နေ့စဉ်နေ့တိုင်း ထမင်းစားဖို့ လိုတယ်။ ကျနော်တို့ နေ့စဉ်နေ့တိုင်း အဝတ်တွေ ဝတ်ဖို့ လိုတယ်။ ကျနော်တို့ နေ့စဉ်နေ့တိုင်း မုန့်တွေ စားဖို့ လိုတယ် အဲ့လိုပဲ စစ်ရှောင်တွေမှာလည်း အဲ့ဒါတွေ အကုန် လိုအပ်ပါတယ်။ ပြီးတော့ ကျနော်တို့ လိုအပ်တာထပ် ဘာလိုအပ်လဲဆိုတော့ သူတို့မှာက အိမ်ကနေ ဘာတခုမှ မယူလာရတဲ့ စစ်ရှောင်တွေ ရှိတယ်။ တချို့ စစ်ရှောင်တွေကတော့ ယူလာရတာ ရှိတာပေါ့နော်။ ဒါပေမယ့် ယူမလာရတဲ့ စစ်ရှောင်တွေအတွက်ကျတော့ တခြား ကျနော်တို့ လိုအပ်တာထပ်တောင်မှ အများကြီး လိုအပ်တာ ရှိတယ်။ ဥပမာ အဆောက်အဦ ဆောက်ပေးတာတို့၊ တချို့တွေဆို အဝတ်အထည် ၂ စုံ၊ ၃ စုံပဲ ပါလာတယ်။ အဲ့လိုမျိုး စစ်ရှောင်တွေလည်း ရှိတယ်။ အိုးခွက်ပန်းကန် မပါလာတဲ့ စစ်ရှောင်တွေလည်း ရှိတယ်။ အဲ့လိုမျိုး အများကြီးရှိနေတော့ လိုအပ်ချက်ကတော့ အစုံပါပဲဗျ။ ကျနော်တို့ စဉ်းစားရသလောက် စဉ်းစားလို့ ရနိုင်သမျှ အကုန်လုံးကတော့ စစ်ရှောင်တွေမှာ လိုအပ်ချက် ရှိနေပါတယ်” လို့ အဆိုပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။
လက်တလောမှာတော့ ရက္ခိုင်ပြည်၊ စစ်တွေနဲ့ ကျောက်ဖြူမြို့ အပြင် ရက္ခိုင်ပြည် နယ်စပ်ဒေသ ၃ ခု မှာလည်း စစ်ကော်မရှင် နဲ့ အာရက္ခတပ်တော်တို့အကြား တိုက်ပွဲတွေ ပြင်းထန်လျက် ရှိပါတယ်။