စပါးအထွက်နှုန်း ၂၅ ရာခိုင်နှုန်းကျတဲ့အပြင် ဈေးနှုန်းကျတဲ့ဒဏ်ကို စပါးစိုက်တောင်သူတွေ ခံနေရ

အာရက္ခတိုင်းမ်စ် (၂၄ ဇန်နဝါရီ ၂၀၂၆)

မြန်မာနိုင်ငံရဲ့ ဆန်စပါး အဓိကစိုက်ပျိုးရာ ဧရာဝတီတိုင်းဒေသကြီးမှာ ယခုနှစ် မိုးစပါးစိုက်ရာသီမှာ စပါးအထွက်နှုန်း ၂၅ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့တယ်လို့ တောင်သူတွေထံကနေ သိရပါတယ်။

အဲဒါအပြင် ထွက်ရှိလာတဲ့ စပါးတွေကလည်း ဈေးကောင်းမရတဲ့အပြင် ပြီးခဲ့တဲ့နှစ်ထက် စပါးတင်း ၁၀၀ ကို ငွေကျပ် ၆ သိန်းခန့် လျော့ကျနေတယ်လို့ ဆိုပါတယ်။

မိုးစပါး ရိတ်သိမ်းခါနီးအချိန်မှာ အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် စိုက်ပျိုးထားတဲ့ စပါးတွေ ထိခိုက်ပျက်စီးခဲ့ပြီး အထွက်နှုန်း လျော့ကျခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် ယခုနှစ်မှာ စပါးစိုက်တောင်သူတွေအတွက် အရှုံးနဲ့ ရင်ဆိုင်ရတဲ့နှစ်ဖြစ်ပြီး ရှုံးတဲ့ပမာဏ အနည်းအများသာ ကွာခြားတာဖြစ်တယ်လို့ လယ်သမားဘဝဖွံ့ဖြိုးမှုအသင်း ဥက္ကဋ္ဌဟောင်း ဦးသိန်းအောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“မိုးစပါးက အထွက်နှုန်း တော်တော်ဆိုးတယ်။ နောက်ပြီးတော့ ရိတ်သိမ်းချိန်မှာ မိုးတွေက အလွန်ကောင်းတော့လေ အဲဒီမှာ စပါးက ပျက်လိုက်တယ်။ ပြီးတော့ လယ်တွေ ရေမြုပ်တာတွေ ပျက်စီးတာတွေက တော်တော်များတယ်။ နောက်ပြီးတော့ ပြီးခဲ့တဲ့နှစ်လို မဟုတ်ဘူး။ ဒီနှစ်က စပါးလည်း အထွက်နှုန်း လျော့သွားတယ်။ ပြီးခဲ့တဲ့နှစ်က အထွက်နှုန်း ကောင်းတယ်။ ဒီနှစ်က အထွက်နှုန်း လျော့တယ်။ ၂၅ ရာခိုင်နှုန်းလောက်တော့ လျော့သွားမှာပေါ့။ တောင်သူတွေက နည်းနည်းရှုံးတာရယ်၊ များများရှုံးတာရယ် ဒါပဲကွာတာ။ အားလုံး ရှုံးကြတာပဲလေ စပါးက” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ စပါးတင်း ၁၀၀ ကို ငွေကျပ် ၁၆ သိန်း ကနေ ၁၉ သိန်းကြား ရရှိခဲ့ပေမယ့်လည်း ဒီနှစ် စပါးပေါ်ချိန်မှာတော့ ငွေကျပ် ၁၀ သိန်းခွဲသာ ရရှိခဲ့ပြီး လက်ရှိ အချိန်မှာလည်း စပါးဈေးနှုန်း မြင့်တက်ရတဲ့ အချိန်ဖြစ်သော်လည်း စိုက်ပျိုးထားတဲ့ နွေစပါးက သုခစပါးတခုသာ ငွေကျပ် ၁၄ သိန်းရရှိပြီး ကျန်တဲ့စပါးတွေက ငွေကျပ် ၁၃ သိန်းသာ ရရှိတာ ဖြစ်ပါတယ်။

အစိုးရက ထုတ်ချေးပေးတဲ့ စိုက်ပျိုးစရိတ်ချေးငွေကလည်း တောင်သူတွေ စပါးစိုက်ပျိုးဖို့ လုံလောက်တဲ့ ပမာဏမရှိဘဲ တဧက စိုက်ပျိုးစရိတ် ငွေကျပ် ၈ သိန်းခန့် ကုန်ကျချိန်မှာ အစိုးရက ငွေကျပ် ၁ သိန်းသာ ထုတ်ချေးပေးတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် အစိုးရက ထုတ်ပေးတဲ့ စိုက်ပျိုးစရိတ် ချေးငွေကလည်း တောင်သူတွေအတွက် အထောက်အကူဖြစ်တဲ့ အခြေအနေမှာ မရှိဘူးလို့ တောင်သူတွေက ပြောပါတယ်။

“တဧကရဲ့ ကုန်ကျစရိတ်က ၈ သိန်းကနေ ၁၀ သိန်းအထိ ရှိတယ်။ အစိုးရက ထုတ်ချေးတာမှာ စပါးအတွက် ၁ သိန်းခွဲ၊ ပဲအတွက် ၁ သိန်းဆိုတော့ စပါးစိုက်တဲ့ရာသီမှာ တောင်သူက ဘယ်လောက်ပဲ အကုန်ကျ သက်သာတယ်ပြောပြော ၇ သိန်းနဲ့တော့ မလျော့ဘူးလေ။ အဲဒီတော့ ဘယ်လိုနည်းနဲ့မှ မလုံလောက်ပါဘူး။ ရှင်းရှင်းပြောရရင် ချေးငွေလို့သာ ပြောတာပါ ဒါပေမယ့် အတိုင်းအတာတခုတော့ အထောက်အကူ ဖြစ်ပါတယ်။ အရေးကြီးတာက ထုတ်လုပ်တဲ့ စပါးဈေး ကောင်းဖို့ပဲ။ ထုတ်ကုန်က စပါးဈေးကျရင် တောင်သူတွေ အကြွေးတွေ ပတ်ပြီးတော့ ပြောမယ်ဆိုရင် ကုန်တာက ၁၀ ရတာက ၇ ဆိုတော့ ကြာလာရင် အကြွေးတွေ တက်လာမယ်၊ စားစရိတ်တွေ၊ ကျန်းမာရေးစရိတ်တွေ တက်မယ်။ ကြာရင် တဖြည်းဖြည်းနဲ့ ဟိုနှစ်တွေက စပါးဈေးကောင်းခဲ့လို့ အရင်းကျန်နေသေးလို့ မဟုတ်ရင် ဒီလို နောက်ထပ် ၂ နှစ် ၃ နှစ် သွားမယ်ဆိုရင် တောင်သူတွေ တော်တော်ကို ရွာလည်ကြမှာပဲ” လို့ ဦးသိန်းအောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒီလိုမျိုး အထွက်နှုန်း လျော့တဲ့အပြင် စပါးကလည်း ဈေးကောင်းမရတဲ့ အခြေအနေတွေနဲ့ နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေရမယ်ဆိုပါက တောင်သူတွေရဲ့ စိုက်ပျိုးမှုနှုန်း လျော့ကျပြီး ကုန်ထုတ်လုပ်မှုကို ထိခိုက်သွားမှာ ဖြစ်တယ်လို့ ဦးသိန်းအောင်က ဆက်ပြောပါတယ်။

“ဒီဈေးတန်းတွေကတော့ စိုက်လိုက် ရှုံးလိုက်နဲ့ တောင်သူတွေ အရှုံးပေါ်နေတဲ့ ဒီဈေးတန်းမျိုးကတော့ ကုန်ထုတ်လုပ်မှုတွေ ကျဆင်းသွားနိုင်တယ်။ ဆိုတော့ စိုက်လည်း ရှုံးမှာပဲဆိုတော့ ကုန်ကျစရိတ်ကို လျှော့တော့ အထွက်နှုန်းတွေပါ လျော့သွားတာပေါ့” လို့ ပြောပါတယ်။

တောင်သူတွေ စိုက်ပျိုးထားတဲ့ စပါးက ဈေးကောင်းမရတာဟာ နယ်စပ်ကုန်သွယ်ရေးကနေ ဝယ်လိုအား အများဆုံးရှိတဲ့ တရုတ်နိုင်ငံကို တင်ပို့နိုင်ဖို့ လမ်းကြောင်း အခက်အခဲရှိတာကြောင့် ဖြစ်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ဒါပေမယ့် တစ်ဖက်မှာ ပင်လယ်ရေကြောင်းကနေ ဆန်တွေကို စဉ်ဆက်မပြတ် တင်ပို့နေပြီး ပြီးခဲ့တဲ့နှစ်ထက် ဆန်တန်ချိန် ပိုမိုတင်ပို့နိုင်ဖို့ကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ကြိုးစားနေပြီး ပြီးခဲ့တဲ့နှစ်မှာ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂ သန်းခန့် တင်ပို့နိုင်ခဲ့ပေမယ့် လက်ရှိဘဏ္ဍာနှစ်မှာ တန်ချိန် ၂သန်းခွဲ တင်ပို့မယ်လို့လည်း သိရပါတယ်။

သို့ပေမယ့် စိုက်ပျိုးရတဲ့ တောင်သူတွေကတော့ တနှစ်ထက်တနှစ် ဈေးနှုန်းလျော့ကျမှုနဲ့ပဲ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ