အာရက္ခတိုင်းမ်စ် (၂၉ ဇန်နဝါရီ ၂၀၂၆)
ရက္ခိုင်ပြည်၊ မြောက်ဦးဆေးရုံဖြစ်စဉ်မှာ ဒဏ်ရာရလူနာတွေကို ကူညီပေးခဲ့တဲ့ အဖွဲ့အစည်းကို အလှူငွေ ပေးအပ်ခဲ့တယ်လို့ စာရေးဆရာဝေဟင်အောင်က ဆိုပါတယ်။
အဆိုပါအဖွဲ့အစည်းဟာ ပစ်ခတ်မှုဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ လူနာတွေအတွက် သွေး၊ အောက်ဆီဂျင်၊ နာရေးကိစ္စတွေအပြင် လူနာအရွှေ့အပြောင်းတွေကို အဓိက ကူညီပံ့ပိုးပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အခုလို ကူညီပေးခဲ့တဲ့အဖွဲ့ဖြစ်တာကြောင့် အဖွဲ့အစည်း ရေရှည်လည်ပတ်နိုင်ဖို့ရည်ရွယ်ပြီး ပြည်တွင်းပြည်ပက စေတနာရှင်တွေရဲ့ အလှူငွေ သိန်း ၁၀၀ကို တဆင့် ပြန်လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။
ရက္ခိုင်တပြည်လုံးရဲ့ အားကိုး၊ အားထားရာ ဆေးရုံဖြစ်တဲ့ မြောက်ဦးဆေးရုံကို ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက် ည ၉ နာရီ (၁၃) မိနစ် အချိန်မှာ စစ်ကော်မရှင်ရဲ့ လေတပ်က ဂျက်ဖိုက်တာတစီးနဲ့ ဖျက်အားပြင်း ပေါင် (၅၀၀) ဗုံးနှစ်လုံး ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံပင်မဆောင်ကြီး၊ ခွဲစိတ်ကုသဆောင်၊ ခွဲစိတ်ခန်းမ၊ အရိုးဆောင်၊ ဆေးဂိုဒေါင်၊ ဆေးရုံဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ယာများ အပါအဝင် ဆေးရုံတခုလုံးနီးပါး ထိခိုက် ပျက်စီးခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဖြစ်စဉ်ကြောင့် ဆေးကုသနေတဲ့ လူနာ ၃၃ ဦး သေဆုံးခဲ့သလို ၇၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ HDCO က ထုတ်ပြန်ခဲ့ပါတယ်။