အာရက္ခတိုင်းမ်စ် (၃ ဖေဖော်ဝါရီ ၂၀၂၆)
ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်က အကျအဆုံးတွေ များပြားနေတာကြောင့် စစ်ကော်မရှင်ရဲ့ တိုင်းမှူးကိုယ်တိုင် လာရောက်ညွှန်ကြားနေတယ်လို့ သိရပါတယ်။
“ အထိအခိုက်များနေတဲ့ ကျောက်ဖြူကို စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် ရောက်နေတယ်” လို့ စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။
အာရက္ခတပ်တော်ကို စစ်ကော်မရှင်ရဲ့ ခမရ ၅၄၃၊ ခလရ ၃၄ နဲ့ ၃၂ ရဲတပ်ရင်းတို့ ပူးပေါင်းပြီး တန်ပြန်ထိုးစစ်ဆင်နေပေမယ့် ကြားဖြတ်တိုက်ခိုက်ခံရလို့ စစ်ကော်မရှင်ဘက်က အကျအဆုံးများနေတယ်လို့ သိရပါတယ်။
“ သူတို့ (စစ်ကော်မရှင်) ဘက်ကဆိုရင် ငလပွေ့ချောင်းဝမှာရှိတဲ့ နေဗီကနေ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ သစ်ပုတ်တောင်ဖက်ကလည်း ပစ်တယ်။ လေကြောင်းကလည်း ပစ်ကူတယ်။ တိုက်ပွဲက တော်တော်ပြင်းထန်တယ်လို့ ပြောလို့ရတယ်” လို့ ကျောက်ဖြူမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အကျအဆုံးများနေသည့်ကျောက်ဖြူစစ်မြေပြင်ကို နောက်ထပ် စစ်ကူအင်အား ၄၀၀ ခန့် စစ်ကော်မရှင်က ဇန်နဝါရီလ ၃၀ ရက်တွင် ထပ်မံ အင်အားဖြည့်ထားတယ်လို့လည်း သိရပါတယ်။
အာရက္ခတပ်တော်အနေနဲ့ ဓညဝတီ ရေတပ်စခန်းဌာနချုပ်နဲ့ ၄ မိုင်ခန့်အကွာထိ ရောက်ရှိနေတယ်လို့လည်း သိရပါတယ်။