အာရက္ခတိုင်းမ်စ် (၁၂ မတ်လ ၂၀၂၆)
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကော်မရှင်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ရက္ခိုင်အမျိုးသမီး ၂၂ ဦး သေဆုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ ဖြစ်သူ မယဉ်မျိုးလှိုင်က ဆိုပါတယ်။
စစ်ကော်မရှင်ရဲ့ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် တိုင်းနဲ့ပြည်နယ် ၁၀ ခုက အမျိုးသမီး ၆၃ ဦး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်မှာ ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး ၁၃ ဦး သေဆုံးခဲ့ပြီး ရက္ခိုင်ပြည်ဟာ သေဆုံးမှု အများဆုံး ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
“ ကျမတို့ BWU အနေနဲ့ ကျမတို့ ဒေတာအချက်အလက် ကောက်တာက သေဆုံးသူ အမျိုးသမီးဦးရေကို ပိုပြီး ဦးစားပေးပြီး အချက်အလက် ကောက်ယူတာဖြစ်သလိုမျိုး။ ဒီ ဒဏ်ရာရသူကကျ ကျမတို့ နယ်မြေအလိုက် တွက်ချက်တာတော့ မရှိဘူးပေါ့နော်။ ကျမတို့ တနိုင်ငံလုံး အတိုင်းအတာအရ ဒဏ်ရာရသူဘယ်လောက် ဆိုတဲ့ဟာမျိုးကိုပဲ ခြုံငုံပြီး ဖော်ပြတာ ဖြစ်တယ်။ ဒဏ်ရာရသူထဲမှာတော့ နယ်အလိုက် မခွဲထားတဲ့ဟာမျိူးတော့ ဖြစ်တယ်ပေါ့နော်။ သေဆုံးသူ ၂၂ ဦးထဲမှာဆိုရင် အသက်အရွယ် အပိုင်းအခြားအရ ပြောမယ်ဆိုရင် ၂၅ နှစ်အထက်က များပါတယ်။ သို့ပေမယ့် ဒီ ၂၂ ဦးထဲမှာ ၁၈ နှစ်အောက် ကလေးငယ် ၄ ဦးကတော့ ပါဝင်တယ်ဆိုတာ ကျမတို့ ကောက်ယူထားတဲ့ အချက်အလက်အရ တွေ့ရှိရပါတယ်” လို့ မယဉ်မျိုးလှိုင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဖေဖော်ဝါရီလအတွင်း ရက္ခိုင်ပြည်မှ အမျိုးသမီးများအပြင် စစ်ကိုင်းတိုင်းက ၁၂ ဦး၊ မကွေးတိုင်းက ၁၁ ဦး၊ တနင်္သာရီတိုင်းက ၆ ဦး၊ မန္တလေးတိုင်းက ၅ ဦး၊ ပဲခူးတိုင်းက ၂ ဦး၊ ကရင်နီပြည်က ၂ ဦး နဲ့ ရှမ်းပြည်၊ ကရင်ပြည်၊ မွန်ပြည်တို့က အမျိုးသမီးတဦးစီ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဇန်နဝါရီလအတွင်းမှာလည်း တိုင်းနဲ့ပြည်နယ် ၁၀ ခုက အမျိုးသမီး ၅၅ ဦး သေဆုံးခဲ့ပြီး ဒီအထဲမှာမှ ရက္ခိုင်ပြည်က အမျိုးသမီး ၁၀ ဦး ပါဝင်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်ထားပါတယ်။