AA နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြောင်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ပြော

အာရက္ခတိုင်းမ်စ် (၁၂ မတ် ၂၀၂၆)

မီဇိုရမ်ပြည်နယ် အစိုးရ အနေနဲ့ အာရက္ခတပ်တော်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်လို့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အစိုးရ ဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

အဆိုပါစကားကို မတ်လ ၁၁ ရက်က ပြုလုပ်ခဲ့တဲ့ မီဇိုရမ်ပြည်နယ် လွှတ်တော် ဘတ်ဂျက်အစည်းအဝေးတွင် ဝန်ကြီးချုပ်က ပြောကြားခဲ့တာလို့ all India Radio News က ရေးသားဖော်ပြခဲ့ပါတယ်။

“ KMMTTP (အိန္ဒိယ – မြန်မာ ကုန်သွယ်မှုပြုလုပ်မယ့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan Multi-Modal Transit Transport Project) လမ်းစီမံကိန်း တည်ရှိရာဒေသများကို မြန်မာအစိုးရ ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ဘဲ၊ အာရက္ခတပ်တော် (AA) လက်ထဲကို ရောက်ရှိနေပြီး အစိုးရအနေနဲ့ အာရက္ခတပ်တော်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး အာရက္ခတပ်တော်ဘက်ကလည်း KMMTTP လမ်းမကြီး ဖွင့်လှစ်နိုင်မယ့်အချိန်ကို မျှော်လင့်နေတယ်” လို့ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က လားလ်သုအောမ်မာ က ပြောကြားခဲ့ပါတယ်။

KMMTTP လမ်းဖွင့်လှစ်နိုင်ခဲ့ပါက မီဇိုရမ်ပြည်နယ်အပေါ် ရိုက်ခတ်မှုများစွာ ဖြစ်ပေါ်လာနိုင်လို့ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် လွှတ်တော်ကိုယ်စားလှယ်တဦး ဦးဆောင်တဲ့ “သက်ရောက်မှုလေ့လာရေးအဖွဲ့” (Impact Study Team) ဖွဲ့စည်းထားဖို့လည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မီဇိုရမ်ပြည်နယ်ကတဆင့် ချင်းနဲ့ ရက္ခိုင်ပြည်ကို စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ စက်သုံးဆီများ တင်သွင်းပြီး ကုန်ကူးသန်းနေတယ်လို့လည်း သူက ဆိုပါတယ်။

ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်းကို ၂၀၀၈ ခုနှစ် ဧပြီလတွင် အိန္ဒိယနဲ့ မြန်မာအစိုးရကြား သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပြီး စီမံကိန်းကို စုစုပေါင်းကုန်ကျစာရိတ် အမေရိကန်ဒေါ်လာ ၄၈၄ သန်း သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။

ကိုးကား – မဇ္ဈိမ

Related posts

AA က ရွေးတုတပ်ရဲ့ ကာကင်းနဲ့ ခြေကုတ်စခန်းတွေကို ဆက်တိုက် သိမ်းပိုက်နေ

ပြည်ပရောက်ညီနောင်ပရဟိတအသင်းများရဲ့ ၇ ကြိမ်မြောက် အလှူငွေကို HDCO ကတဆင့် လှူဒါန်း

သံတွဲကို ရွေးတုတပ် ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲ၊ ပြည်သူတစ်ဦး ဒဏ်ရာရ