ချင်းတွင်းမြစ်ရဲ့ ရေနဲ့ငါးသယံဇာတ ဘာတွေဖြစ်နေလဲ

တာပလု

ချင်းတွင်းမြစ်က မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ မြစ်တစင်း ဖြစ်ပါတယ်။ ချင်းတွင်းမြစ်ဟာ ဧရာဝတီမြစ်ရဲ့ အကြီးဆုံး မြစ်လက်တက်ဖြစ်ပြီး အလျားမိုင် ၇၅၀၊ ကီလိုမီတာ ၁,၂၀၀ ခန့် ရှည်လျားတဲ့ မြစ်တစင်း ဖြစ်ပါတယ်။

ချင်းတွင်းမြစ်ဟာ စစ်ကိုင်းတိုင်း ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီနဲ့ မုံရွာ စတဲ့ မြို့တွေကို ဖြတ်သန်းစီးဆင်းတဲ့ မြစ်တစင်း ဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ မြင်းခြံမြို့ တဖက်ကမ်း၊ ပခုက္ကူမြို့အနီး ရေစကြိုမြို့နယ်အတွင်းမှာ ဧရာဝတီမြစ်ထဲကို စီးဝင်ပြီး အဆုံးသတ်သွားပါ‌တယ်။

ချင်းတွင်းမြစ်ကို အခြေပြုပြီး စိုက်ပျိုးရေးလုပ်ငန်းနဲ့ ရေလုပ်ငန်းဖြစ်တဲ့ မြစ်ကြောင်းထဲ ငါးရှာပြီး မိသားစုဝင်ငွေရရှိဖို့ အားကိုးအားထား ပြုနေကြရသူတွေလည်း ရှိပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်လောက်မှာ ဒေသခံ အမျိုးသမီးတဦးက သူရဲ့နေအိမ် မီးရှို့ဖျက်ဆီးခံလိုက်ရတာကို ရုပ်သံတခုမှာ ငိုကြွေးရင်း ပြောပြထားပါတယ်။

“ ဒါ ကျမတို့ လင်မယားနှစ်ယောက် မြစ်ထဲကနေ ကုန်းပေါ်မတက်ရဘဲ ငါးရှာလို့ရတဲ့‌ ငွေတွေစုပြီး ဒီအိမ်ကို ဆောက်လုပ်ထားတာပါ။ ကလေးတွေ ကျောင်းထားနိုင်တယ်။ အိမ်တလုံးလည်း ရခဲ့တယ်။ အခုတော့ အနှစ် ၂၀ လုံး စုလာတာလေး ပြာဖြစ်ကုန်ပါပြီတော်” လို့ အဲ့ဒီအမျိုးသမီးက မီးလောင်ပြာကျသွားတဲ့ သူ့အိမ်အနီးအနားမှာ ပစ္စည်းတခုခုများ ကျန်နေမလား ရှာကြည့်နေရင်းနဲ့ ပြောသွားတာ ဖြစ်ပါတယ်။

ငါးရှာဖွေပြီး နေအိမ်တလုံး ဆောက်လုပ်နိုင်တာ၊ သားသမီးတွေကို ပညာသင်ပေးနိုင်တာတွေဟာ ချင်းတွင်းမြစ်ရဲ့ ကျေးဇူး မကင်းခဲ့ဘူးဆိုတာကိုလည်း လှစ်ဟပြနေတာ ဖြစ်ပါတယ်။ အခုတော့ အနှစ် ၂၀ ကျော် စုဆောင်းထားတဲ့အရာတွေ စစ်တပ်က မီးရှို့ဖျက်ဆီးသွားလို့ ပျက်စီးသွားခဲ့ပါပြီ။

“ ချင်းတွင်းမြစ်ဟာ ချောင်းရိုးလေးတခုလိုတောင် ဖြစ်နေပါပြီ” လို့ ၂၀၂၆ ခုနှစ်‌

ဖေ‌ဖော်ဝါရီလမှာ ချင်းတွင်းမြစ်ထဲ လေ့လာရေး သွားခဲ့သူတဦးက ပြောပါတယ်။

နွေဦးကာလမှာ ချင်းတွင်းမြစ်ဟာ မြစ်ရေတွေ တိမ်ကောလာတဲ့ အခြေအနေကို သူက စိတ်မကောင်းစွာနဲ့ဘဲ ပြောပြပါတယ်။ လေ့လာရေး သွားခဲ့ကြတဲ့သူတွေဟာ လုံခြုံရေးကြောင့် နေရာစုံအောင် မရောက်ခဲ့ကြဘူးလို့လည်း ပြောပါတယ်။

ချင်းတွင်းမြစ်ကြောင်းတလျှောက် အထူးသဖြင့် စစ်ကိုင်းတိုင်းအတွင်းမှာ လှုပ်ရှားနေတဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ People Define Force (PDF) တွေ လှုပ်ရှားနေတဲ့ နေရာတွေ ရှိပါတယ်။ တပ်ဖွဲ့အရေအတွက်ကို အတိအကျ ကိန်းဂဏန်းအနေနဲ့ ပြောဖို့တော့ ခက်ပါတယ်။ ဒီဒေသဟာ ခုခံတော်လှန်ရေး အားအကောင်းဆုံးဒေသဖြစ်ပြီး အဖွဲ့အစည်းတွေကလည်း အလွှာစုံ၊ ပုံစံစုံနဲ့ ရှိနေကြတာပဲ ဖြစ်ပါတယ်။

ချင်းတွင်းမြစ်ကြောင်းတလျှောက်က မြို့နယ်ပေါင်း ၁၀ မြို့နယ်ထက်မနည်းကို ခြုံငုံကြည့်ရင်တော့ အဖွဲ့အစည်းပေါင်းစုံ တပ်ရင်းကြီးတွေနဲ့ အဖွဲ့ငယ်လေးတွေ ရာနဲ့ချီပြီး ရှိနေနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

မုံရွာ၊ ယင်းမာပင်၊ ကနီ နဲ့ မင်းကင်း ဒေသတွေဟာ အဖွဲ့အစည်းစုံပြီး လှုပ်ရှားမှုအများဆုံး နေရာတွေ ဖြစ်တယ်လို့လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သုံးသပ်ထားပါတယ်။

စစ်တပ်ရေယာဉ်တွေဟာ ချင်းတွင်းမြစ်ထဲ စုန်ချည်၊ ဆန်ချည် သွားလာနေတာ ဖြစ်ပါတယ်။ အဲ့ဒီလို သွားလာနေချိန်မျိုးမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေလည်း  ရှိနေတာ ဖြစ်ပါတယ်။

ချင်းတွင်းမြစ်ကြောင်းတလျှောက် ရေသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေဟာ လက်ရှိမှာတော့ စိုးရိမ်စရာကောင်းတဲ့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။

ရွှေတူးဖော်မှုတွေကြောင့် မြစ်ကြောင်းပျက်စီးမှုတွေ ရှိနေတယ်လို့ ဝေဖန် ပြောဆိုသံတွေလည်း ထွက်ပေါ်နေပါတယ်။

ချင်းတွင်းမြစ်ရဲ့ အထက်ပိုင်း ဟုမ္မလင်း၊ ခန္တီး စတဲ့ဒေသတွေကနေ မြစ်အောက်ပိုင်းအထိ အဆင်အခြင်မဲ့ ရွှေတူးဖော်မှုတွေ အလွန်အများအပြား ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေဖောင်တွေ၊ စက်ယန္တရားကြီးတွေနဲ့ မြစ်ကြမ်းပြင်ကို ယက်ထုတ် တူးဖော်တာကြောင့် မြစ်ကြောင်း တိမ်ကောလာပြီး ရေစီးကြောင်းတွေ ပြောင်းလဲရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သုံးသပ်နေကြတာ ရှိပါတယ်။

စနစ်မကျတဲ့ ရွှေတူးဖော်မှုတွေကြောင့် မြစ်ကမ်းပါး ပြိုကျပျက်စီးမှာကိုလည်း စိုးရိမ်စရာအချက်အနေနဲ့ ရှိနေတာလည်း ဖြစ်ပါတယ်။

ပြဒါးနဲ့ ဓာတုညစ်ညမ်းမှုဟာ အဆိုးရွားဆုံး ပြဿနာတခုအနေနဲ့ ရှိနေတယ်လို့ ဝေဖန်သူတွေ ရှိပါတယ်။ ရွှေဖမ်းရာမှာသုံးတဲ့ ပြဒါး (Mercury) တွေဟာ မြစ်ထဲကို တိုက်ရိုက်စီးဝင်နေပါတယ်။ ဒါဟာ ရေနေသတ္တဝါတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ပြဒါးဓာတ်တွေ စိမ့်ဝင်ကုန်ပြီး အဲဒီငါးတွေကို ပြန်စားတဲ့ ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေးကိုပါ ရေရှည်မှာ ထိခိုက်စေနိုင်တဲ့အတွက် ဒီအချက်ဟာ ဂေဟစနစ်ကို ခြိမ်းခြောက်နေတဲ့ အချက်တခုအနေနဲ့ ရှိနေတယ်လို့ ပြောဆိုနေကြပါတယ်။

ပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်စေဖို့နဲ့  ဂေဟစနစ် ပျက်စီးမှာကို ကာကွယ်ဖို့အတွက် ချင်းတွင်းမြစ်ကြောင်းအတွင်း ရွှေမျှောလုပ်ငန်း လုပ်ကိုင်နေမှုများ တားဆီးခြင်းဆိုတဲ့ အချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေး (ဗဟို) အဖွဲ့၊ ကနီမြို့နယ်က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

“ ကျနော်တို့မြို့နယ်က စစ်အာဏာသိမ်းပြီးမှ ရွှေတူးဖော်ရေးလုပ်ကွက်တွေ များလာတာဗျ။ ချင်းတွင်းအထက်ပိုင်းတွေကတော့ ကြာပါပြီ လုပ်နေကြတာ။ ပြီးတော့ မြစ်‌ချောင်း အရင်းအမြစ်တွေ ဂေဟာစနစ်တွေ မပျက်စီးသွားအောင်လို့ ကြိုတင်ကာကွယ်တဲ့ သဘောပါ” လို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေး (ဗဟို) အဖွဲ့၊ ကနီမြို့နယ်သတင်းနှင့် ပြန်ကြား ရေး ကနီမြို့နယ်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ချင်းတွင်းမြစ်ကြောင်းအတွင်း ရွှေမျှောလုပ်ငန်းရှင် တချို့သည် ရွှေမျှောလုပ်ငန်များ လုပ်ကိုင်နေကြောင်းနှင့် ဆက်လက် လုပ်ကိုင်နေပါက မြစ်ကမ်းပါးရှိ ကျေးရွာများ ကမ်းပါးပြိုမှု အန္တရာယ် ကျရောက်နိုင်ပြီး ခရီးသွား ပြည်သူ၊ ကုန်သည်များ ရေကြောင်းကြပ်တည်းမှုနှင့်အတူ ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်စေခြင်း (သို့မဟုတ်) ဂေဟစနစ် ပျက်စီးခြင်းများ ပိုမိုကြုံလာရနိုင်မည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ကနီမြို့နယ် ချင်းတွင်းမြစ်ကြောင်းအတွင်းနှင့် ချင်းတွင်းမြစ်ကြောင်း လက်ဝဲ၊ လက်ယာ ပေ ၁၅၀ အတွင်း ရွှေမျှောလုပ်ငန်း လုပ်ကိုင်မှု မပြုလုပ်ရန်နှင့် ပြုလုပ်နေသည်ကို တွေ့ရှိပါက ဥပဒေအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြစ်ရေဟာ အရင်ကလို ကြည်လင်မှုမရှိတော့ပဲ နုံးမြေနဲ့ ဓာတုပစ္စည်းတွေကြောင့် အမြဲတမ်း နောက်ကျိနေတာကိုလည်း သတိထားမိတယ်လို့ ချင်းတွင်းမြစ်ထဲ လေ့လာရေးသွားခဲ့သူတွေက မှတ်ချက်ပြုပါတယ်။

မြစ်ရေညစ်ညမ်းမှု၊ ရွှေတူးဖော်သံ ဆူညံမှုနဲ့ စနစ်မကျတဲ့ ငါးဖမ်းနည်းစနစ်တွေကြောင့် အရင်က ပေါများလှတဲ့ ဒေသငါးမျိုးစိတ်တွေ ရှားပါးလာတဲ့ အခြေအနေမျိုး ရှိနေမလားဆိုတာကိုလည်း လေ့လာရေးသွားခဲ့ကြသူတွေက ပြောပါတယ်။

အရပ်သားအစိုးရလက်ထက်က ငါးသယံဇာတပေါများရေး ငါးမျိုးဆက်ရှင်သန်ရေးအတွက် ချင်းတွင်းမြစ် အထက်ပိုင်းက နေရာအချို့မှာ ငါးမဖမ်းရဇုန်တွေ သတ်မှတ်ဖို့ စီစဉ်ခဲ့ကြပါတယ်။

ချင်းတွင်းမြစ် အထက်ပိုင်း နေရာ ၃ ခုဖြစ်တဲ့ ခန္တီးမြို့နယ်က လင်းဖားကျေးရွာ၊ ပဒူမုန်းကျေးရွာနဲ့ ဟုမ္မလင်းမြို့နယ်က ထွက်ဝကျေးရွာတွေမှာ ဖြစ်ပါတယ်။

ငါးတွေ ဘယ်လို ပြန်ပေါလာအောင် လုပ်မလဲဆိုပြီး မြစ်ပြင်အနေအထားကို ကြည့်တယ်။ လူထုကိုလည်း ရေရှည်စားသုံးနိုင်အောင် ပြည်သူတွေ ဦးဆောင်ပြီးလုပ်တဲ့ အနောက်နိုင်ငံက နမူနာလေးတွေကို ရှင်းပြခဲ့ကြတဲ့ အစီအစဉ်တွေ ပြုလုပ်ခဲ့ကြပါတယ်။

စိတ်ပါဝင်စားတဲ့ ကျေးရွာတွေမှာ ငါးမဖမ်းရတဲ့ ဇုန်တွေ ချင်းတွင်းမြစ်ရဲ့ တဖြတ်ပြီး တဖြတ် ပေ ၁ ထောင် ပေ ၂ ထောင်လောက်မှာ ငါးသားပေါက်လေးတွေ လွှတ်တာ။ အဲဒီနေရာကို ငါးဘေးမဲ့ဇုန်လို့ သတ်မှတ်လိုက်ရင် ၅ နှစ်အတွင်း မှာ ငါးထွက်ရှိမှုက အရမ်းတက်လာမယ်ဆိုပြီး လုပ်ခဲ့ကြပါသေးတယ်။

ချင်းတွင်းမြစ်ကြောင်းတလျောက်မှာ စစ်မက်ဖြစ်ပွားနေတဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေနဲ့ ချင်းတွင်းမြစ်ထဲ လေ့လာရေး သွားလိုသူတွေအတွက်တော့ ကွင်းဆင်းဖို့နဲ့ ရေရှည်စီမံကိန်းတွေ လုပ်ဆောင်ဖို့ အလွန် ခက်ခဲရှိနေတဲ့အချိန် ဖြစ်ပါတယ်။

အထူးသဖြင့် တရားမဝင် သယံဇာတထုတ်ယူမှုတွေကို ထိထိရောက်ရောက် တားဆီးနိုင်ဖို့အတွက် အခက်အခဲရှိနေတာ ဖြစ်ပါတယ်။

ချင်းတွင်းမြစ်ဟာ မြန်မာနိုင်ငံရဲ့ အသက်သွေးကြော တခုဖြစ်သလို ဇီဝမျိုးစုံ မျိုးကွဲတွေ ပေါကြွယ်ဝတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ရွှေတူးဖော်မှု၊ သစ်ထုတ်လုပ်မှုတွေကြောင့် ရေသယံဇာတနဲ့ ငါးသယံဇာတတွေ သိသိသာသာ ထိခိုက်နေမှာကိုတော့ စိုးရိမ်စရာ ဖြစ်နေပါတော့တယ်။

Related posts

ကျောက်တော်ကို စကမ ဗုံးကြဲ (Breaking News)

AA နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြောင်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ပြော

နတ်ရေကန်ဗျူဟာကုန်းကို စကမ အင်အား ၅၀၀ ထပ်ဖြည့်ပြီး ခုခံနေ