မင်းပြားတွင် မိုင်းနင်းမိလို့ အမျိုးသမီးတဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂၁ မတ် ၂၀၂၆)

ရက္ခိုင်ပြည် မင်းပြားမြို့နယ်တွင် စစ်ကော်မရှင် ထောင်ထားခဲ့တဲ့ စစ်ကျန်မိုင်းတလုံး ကို မတ်လ ၂၀ ရက် နေ့လည်ပိုင်းက အမျိုးသမီးတဦး တက်နင်းမိလို့  ထိခိုက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

“ အမျိုးသမီး ၄ ယောက် ထင်းရှာဖို့ သွားကြတာ၊ ကျိန်းတောင်ကိုလေ။ ကျိန်းတောင်ပေါ်က ရင်ကွဲဇရပ်နားမှာ နင်းမိတာ။ ခြေချောင်းလေးတွေ ပြတ်သွားတယ်” လို့ မင်းပြားမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင် ထောင်ထားခဲတဲ့ စစ်ကျန်မိုင်းကြောင့် ထိခိုက် ဒဏ်ရာရရှိသွားသူမှာ ရက္ခိုင်ပြည် မင်းပြားမြို့နယ် ဂြမ်းမရွာနေ အသက် ၃၃ နှစ်အရွယ် မအေးခိုင်ဦး ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ ဖေဖော်ဝါရီလ ၁၄ ရက်ကလည်း မင်းပြားမြို့နယ်၊ ဖားပြို (ရက္ခိုင်) ရွာ အရှေ့ဖက်ရှိ စစ်ကော်မရှင် တပ်စွဲစခန်းချခဲ့တဲ့ ခြုံချောင်းဖျား တောင်ဂျိုင် (ဒေသအခေါ်) အနီးတွင် စစ်ကျန်ဗုံးသီးတလုံး ပေါက်ကွဲလို့ ထင်းရှာသွားတဲ့ အမျိုးသား ၂ ဦး ပွဲချင်ပြီး သေဆုံးခဲ့ပါတယ်။

အာရက္ခတပ်တော်အနေနဲ့ ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွေမှာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ၊ စစ်ကျန်လက်နက် အန္တရာယ်ပညာပေး ဆွေးနွေးပွဲများ၊ မိုင်းအန္တရာယ်သတိပေးဆိုင်းဘုတ်စိုက်ထူခြင်း နဲ့ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Related posts

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)

တရားမဝင် အရက်များကို မောင်တောတွင် DLEPS  ဖမ်းဆီး