တရုတ်က ရက္ခိုင်တပြည်လုံးလွတ်မြောက်အောင် အားပေးမှာလား

အာရက္ခတိုင်းမ်စ် (၂၃ မတ် ၂၀၂၆)

တရုတ်အစိုးရဟာ ရက္ခိုင်ပြည်အပါအဝင် တခြာသောဒေသတွေက သူ့ရဲ့အကျိုးစီးပွား စီမံကိန်းတွေကြောင့် ဗဟိုအစိုးရမှာ အာဏာရှိဖို့လိုတယ်လို့ သတ်မှတ်ထားတာဖြစ်ပေမယ့် လုပ်ရကိုင်ရ ခက်ခဲလာတဲ့အခါမှာတော့ သဘောထားပြောင်းသွားနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်တပြည်လုံးကို အာရက္ခတပ်တော်က သိမ်းခြင်း၊ မသိမ်းခြင်း တရုတ်ရဲ့ သဘောထားပြောင်းလဲမှုအပေါ် မူတည်တယ်လို့ ထင်ကြောင်း သူက ပြောပါတယ်။

“တရုတ်က အဲဒီသဘောအတိုင်း တစိုက်မတ်မတ် အဲဒီသဘောထားအတိုင်း ရပ်တည်နေမှာလား။ ဒါမှမဟုတ် အကုန်လုံး ရက္ခိုင်ပြည်တပြည်နယ်လုံး လွတ်မြောက်သွားအောင် အားပေးမှာလား။ သူလုပ်ရကိုင်ရတာခက်၊ သူဖြစ်ချင်တဲ့အတိုင်း စီမံကိန်းတွေကို ဆက်ပြီးတော့ လုပ်ဖို့တို့ ဘာတို့ အဲဒါတွေက လုပ်ရဲကိုင်ရဲမယ့်အဟန့်အတားတွေ ရှိတယ်ဆိုရင်တော့ သူက သူ့ရပ်တည်ချက်၊ သူ့သဘောထားက ပြောင်းသွားနိုင်တာပေါ့။ အခုလောလောဆယ်တော့ သူက အဲဒီဒေသတွေက ဗဟိုအစိုးရက ဩဇာအာဏာရှိနေဖို့ လိုတယ်။ ဒါကြောင့်မို့လို့ ရထားလမ်း၊ ကားလမ်းနဲ့ ဂတ်စ်ပိုက်လိုင်းနဲ့ ရေနံပိုက်လိုင်းကို လုံခြုံရေးနဲ့ စာချုပ်စာတမ်း အာမခံချက်ရှိဖို့အတွက် ဒီဟာတွေက သူတို့လက်ထဲမှာ ရှိရမယ်ဆိုတဲ့ သဘောထားပေါ့နော် အခုလက်ရှိမှာကတော့။ ဒါပေမယ့် နောက်ပိုင်းမှာ လုပ်ရကိုင်ရတာ အဆင်မပြေဘူးဆိုရင် သူ့သဘောထားက ပြောင်းသွားနိုင်တာပေါ့။ အဲဒီ သူ့သဘောထား ပြောင်းသွားတဲ့အပေါ်မှာပဲ ရက္ခိုင်တပြည်လုံးကို AA က သိမ်းမှာလားဆိုတာက တည်လိမ့်မယ်ထင်တယ်။ သူလည်း ခုနကပြောသလို တရုတ်အကျိုးစီးပွား ဆန့်ကျင်တာ၊ တရုတ်ရဲ့စကား နားမထောင်တာ၊ ကလန်ကဆန်လုပ်တာတော့ သူလည်း လုပ်ရဲလိမ့်မယ်လို့ မထင်ဘူး” လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ အာရက္ခတပ်တော်ဟာ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် မြို့ကြီး ၃ မြို့ကိုပဲ သိမ်းပိုက်ဖို့ ကျန်ရှိနေတော့တာပါ။

၂၀၂၃ ခုနှစ်က စတင်တိုက်ပွဲဝင်လာတဲ့ ရက္ခိုင်ပြည်မှာ ၂၀၂၅ ခုနှစ်အတွင်း အာရက္ခတပ်တော်ဘက် တပြည်လုံးနီးပါးကို သိမ်းပိုက်ထားနိုင်ခဲ့ပေမယ့် ကျန်နေတဲ့ ၃ မြို့ကိုမူ လက်ရှိအချိန်အထိ မသိမ်းပိုက်နိုင်သေးပါဘူး။

အဲဒီ ၃ မြို့နယ်ထဲက ကျောက်ဖြူနဲ့ စစ်တွေမြို့ အနီးပတ်ဝန်းကျင်မှာတော့ စစ်ကော်မရှင်နဲ့ အာရက္ခတပ်တော်တို့ စစ်ရေးတိုက်ပွဲတွေဟာ မကြာခဏဖြစ်ပွားလေ့ရှိနေပါတယ်။

အာရက္ခတပ်တော်အနေနဲ့ ကျန် ၃ မြို့ကို သိမ်းမယ်ဆို သိမ်းပိုက်လို့ ရပေမယ့် တရုတ်က မသိမ်းစေ ချင်သေးတာကြောင့် မသိမ်းတာလို့ ယူဆကြောင်းလည်း နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ရက္ခိုင်ပြည်နယ် အခင်းအကျင်းကလည်း တကယ်က သူက သိမ်းမယ်ဆိုရင် ကျနော်ထင်တာ ကျန်နေတဲ့ ၃ မြို့ မသိမ်းတာက တရုတ်က မသိမ်းစေချင်လို့ မသိမ်းတာလို့ ယူဆတယ်။ ဘာကြောင့်တုန်းဆို အဲဒီမှာ ဗဟိုအစိုးရနဲ့ သူတို့လုပ်ထားတဲ့ စီမံကိန်းကြီးတွေ ရှိတာပေါ့။ ကျောက်ဖြူရေနက်စီမံကိန်းတို့၊ နောက် မာန်အောင်မှာလုပ်မယ့် ကူမင်း-ကျောက်ဖြူ ရထားလမ်း၊ ကားလမ်းတို့ အဲဒါကြီးတွေရှိတဲ့အခါကြတော့ မူဆယ်ကို ကိုးကန့်က မသိမ်းအောင် တားသလိုမျိုးပေါ့။ အဲဒါတွေကိုလည်း မသိမ်းအောင် တရုတ်က တားထားတယ်လို့ ထင်တယ်။ ဒါကြောင့်မို့လို့ ဒီဟာက အစိုးရက နောက်ပိုင်းမှာ အနာဂတ်မှာ ဘယ်လောက် တောင့်တင်းခိုင်မာလာမလဲ ဆိုတဲ့အပေါ်မှာ အများကြီးတည်တာပေါ့” လို့ သူက ပြောပါတယ်။

ဒါပေမယ့် အစိုးရသစ် တက်မလာခင်အချိန်အထိ နယ်မြေတွေကို ရသလောက် ယူကြမှာဖြစ်တဲ့အတွက် စစ်ရေးက ဆက်လက်ပြင်းထန်လာဖို့ပဲ ရှိတယ်လို့ သုံးသပ်ထားကြပါတယ်။

ဒါ့အပြင် အာရက္ခတပ်တော်က ခေါင်းဆောင်ပိုင်းတချို့ဟာ တရုတ်နဲ့ ပြီးခဲ့တဲ့ လပိုင်းက တွေ့ဆုံခဲ့ကြသေးတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

Related posts

ဘင်္ဂလား ငါးခိုးဖမ်းသမားများ ရက္ခိုင်ရေပိုင်နက်ထဲထိ ဝင်ရောက် ဒါးမြတိုက်နေ

မီးလောင်မြေသို့ သွားရောက်ခြင်း

မြောက်ဦးတွင် ကလေးငယ် ၄ ဦးကို မုဒိမ်းမှု ကျူးလွန်ရန် ကြံစည်အားထုတ်သူ ၁ ဦးကို ဒီလပ် ဖမ်းဆီး