အာရက္ခတိုင်းမ်စ် (၃၀ မတ် ၂၀၂၆)
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည် စစ်တွေမြို့က ဒေသခံတွေဟာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ ရန်ကို ကြောက်နေရတယ်လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဒေါ်စောမြရာဇာလင်း ဦးဆောင်တဲ့ ALP ဟာ စစ်တွေက ငွေကြေးအတန်အသင့်ရှိတဲ့သူတွေကို အာရက္ခတပ်တော် နဲ့ နီးစပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးပြီး ငွေကြေးတောင်းခံတာတွေ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ စစ်တွေမှာဆိုလို့ရှိရင် စစ်ကောင်စီနဲ့ ပြဿာနာမဖြစ်ဘဲ ALP ကို ကြောက်နေရတယ်။ ဒီဘက်ကကျတော့ နေရတာ အဆင်မပြေဘူး။ ကျောက်ဖြူဘက်က နေရတာ အဆင်ပြေတယ်။ ကျောက်ဖြူမှာ စစ်ကောင်စီတခုပဲ ရှိတယ် ALP မရှိဘူး။ မျက်နှာလို မျက်နှာရလား သူတို့ဟာ သူတို့ပဲ ဖမ်းပြီးတော့ ပိုက်ဆံတောင်းတာလား အဲဒီလိုမျိုး ရှိမယ်။ နောက်တခုက ကိုယ့်မှာ ပိုက်ဆံတွေရှိတယ်၊ ပိုက်ဆံတွေ ရစရာရှိတာတွေကို သူတို့ အကုန်သိထားတော့ အဲဒါတွေကို သိမ်းချင်လို့ လုပ်တာလား အခုချိန်မှာ ကိုယ့်ဆီမှာ ပိုက်ဆံတပြားမှ မရှိရင် လုပ်ချင်မှလည်း လုပ်မယ် အဲဒီလိုပေါ့” လို့ စစ်တွေဒေသခံတယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အဲဒီလို ဖမ်းဆီးပြီးတဲ့အခါမှာလည်း ရိုက်နှက်မေးမြန်းတာတွေ ပြုလုပ်ပြီး အနည်းဆုံး ငွေကြေး သိန်း ၃၀ ကနေ သိန်း ၁၀၀ အထိ တောင်းခံတာတွေ၊ နေအိမ်ရှိ စားသောက်ကုန်၊ ငွေကြေးနဲ့ ဖုန်းတွေအပြင် မှတ်ပုံတင်တွေနဲ့ တခြားသော ပစ္စည်းတွေကိုလည်း သိမ်းယူကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဟာ တပ်ဖွဲ့ဝင် ၇၀၀ ကနေ ၁၀၀၀ ကြားရှိပြီး စစ်တွေမြို့မှာ အခြေစိုက်ကာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည်က ကျောက်ဖြူ၊ မာန်အောင်နဲ့ စစ်တွေမြို့ ၃ မြို့မှာ စစ်တွေမြို့တခုတည်းသာ ALP တပ်ဖွဲ့ ရှိတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ALP ရဲ့ရန်ကို ကြောက်နေရတာကြောင့် စစ်တွေဒေသခံတွေဟာ အာရက္ခတပ်တော်အနေနဲ့ စစ်တွေမြို့ကို အမြန်သိမ်းစေချင်ကြတယ်လို့ ပြောပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော်ဟာ စစ်တွေမြို့ပြင်ရှိ ကျေးရွာတော်တော်များများကို ထိန်းချုပ်ထားနိုင်နေပြီး စစ်ကော်မရှင်နဲ့ အပြန်အလှန် တိုက်ပွဲတွေ ဖြစ်ပေါ်လျက် ရှိနေပါတယ်။