အာရက္ခတိုင်းမ်စ် (၂ ဧပြီ ၂၀၂၆)
သင်္ကြန်ကာလအတွက် စစ်ကော်မရှင်ထုတ် အရက် ဘီယာကလွဲလို့ ကျန် ပြည်ပထုတ် အရက် ဘီယာများကို ဧပြီလ ၂ ရက်ကနေ ၁၀ ရက် အထိ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ခွင့်ပြုပေးထားတယ်လို့ ထုတ်ပြန်ထားကြောင်း သိရပါတယ်။
ပြည်ပထုတ် အရက် ဘီယာများကို သင်္ကြန်ကာလအတွင်း တင်သွင်းခွင့်၊ ဖြန့်ဖြူးရောင်းချခြင်းနဲ့ လက်ဝယ်ထားရှိမှုများကို ခွင့်ပြုလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပြည်ပထုတ် အရက် ဘီယာများ တင်သွင်းမှုကို ၂၀၂၆ခုနှစ် ဧပြီလ ၂ ရက်ကနေ ဧပြီလ ၁၀ ရက်အထိ ခွင့်ပြုပေးထားပြီး ရောင်းချခွင့်ကိုတော့ ဧပြီလ ၁ ရက်ကနေ ဧပြီလ ၃၀ ရက်အထိ ခွင့်ပြုပေးလိုက်တာလို့လည်း သိရပါတယ်။
ခွင့်ပြုချက်မရှိဘဲ တင်သွင်းထားတဲ့ ပြည်ပထုတ် အရက် ဘီယာများကို ဒီကနေ့ကစတင်ကာ ၇ ရက်အတွင်း သက်ဆိုင်ရာ မြို့နယ်များတွင် အခွန်ပေးဆောင်ပြီး ရောင်းချနိုင်တယ်လို့လည်း သိရပါတယ်။
တင်သွင်း၊ ရောင်းချခြင်း သတ်မှတ်ကာလ ပြီးဆုံးပါက ဆက်လက် တင်သွင်း၊ ရောင်းချနိုင်ရန် သက်ဆိုင်ရာခရိုင်ကတဆင့် အရက်ထိန်းသိမ်းရေးဘုတ်အဖွဲ့ ( Alcohol Control Board) ထံ လျှောက်ထားနိုင်ပြီး လိုင်စင် (သို့) ခွင့်ပြုမိန့်ရမှသာ ဆောင်ရွက်ကြရန် ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ထုတ်ပြန်ချက်တွင် ပါရှိတဲ့ စည်းကမ်းများကို လိုက်နာမှုမရှိပါက တည်ဆဲဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်ပြီး နာမည်ပျက်စာရင်း (Black List) တွင် ထည့်သွင်းခံရမှာဖြစ်ပြီး နောက် ကာလများတွင် လိုင်စင်လျှောက်ထားရန် ပိတ်ပင်ခံရမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။