အာရက္ခတိုင်းမ်စ် (၃ ဧပြီ ၂၀၂၆)
ရက္ခိုင်ပြည် ကျောက်တော်မြို့မှာ ဆရာဝန်အယောင်ဆောင် ဆေးကုသူ ၂ ဦးကို တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်) က အရေးယူထားတယ်လို့ မတ်လ ၂ ရက် ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
ပေါက်တောမြို့၊ ဘဝမ်းရပ်ကွက်မှာ နေထိုင်တဲ့ ဦးမောင်သန်းဦးဟာ “ ငြိမ်း” နာမည်နဲ့ ဆေးခန်းဖွင့်ထားပြီး ဦးမြတ်မင်းသူဟာလည်း ကျောက်တော်မြို့နယ်၊ သာစည်ရွာမှာ “ ရွှေနဒီ” နာမည်နဲ့ ဆေးခန်းဖွင့်ထားခဲ့တာ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ ဆရာဝန်မဟုတ်ပဲ လိမ်လည်ပြီး ဆေးကုသနေတယ်ဆိုတဲ့ တိုင်ကြားချက်အရ သက်ဆိုင်ရာ ဒီလပ်ဌာနက မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ်အုပ်ချုပ်ရေးဌာန နဲ့ တာဝန်သိသူများ ပူးပေါင်းပြီး စုံစမ်းခဲ့တာ ဖြစ်ပါတယ်။
စုံစမ်းပြီးနောက် တိုင်ကြားချက် မှန်ကန်တာကြောင့် သူတို့ရဲ့ တရားမဝင် ဖွင့်လှစ်ထားတဲ့ ဆေးခန်းတွေကို (ချက်ချင်း) ပိတ်သိမ်းခဲ့သလို နောက်နောင် အဆိုပါလုပ်ရပ်မျိုး ထပ်မံ မကျူးလွန်တော့ပါဆိုတဲ့ ကတိဝန်ခံချက် လက်မှတ်လည်း ရေးထိုးစေခဲ့တယ်လို့ သိရပါတယ်။
ကတိကဝတ်ကို ဖောက်ဖျက်ပြီး တရားမဝင် ဆေးကုသမှုများ ဆက်လက် လုပ်ကိုင်မယ်ဆိုရင် တည်ဆဲဥပဒေများနဲ့အညီ အရေးယူသွားမယ်လို့လည်း အသိပေးထားပါတယ်။
ပြည်သူတွေအနေနဲ့လည်း တရားဝင် ခွင့်ပြုချက်ရှိတဲ့ ဆရာဝန်များ ဖွင့်လှစ်ထားတဲ့ ဆေးခန်းတွေမှာသာ ဆေးကုသမှု ခံယူကြဖို့ကိုလည်း အာရက္ခမှုခင်းနဲ့ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့ကလည်း တိုက်တွန်းထားပါတယ်။
ဒီလပ် (DLEPS) ဌာန အနေနဲ့ ဖေဖော်ဝါရီလကလည်း ပြည်သူများ ဆေးဝါးနဲ့ပတ်သတ်ပြီး မလိုလားအပ်တဲ့ ဘေးအန္တရာယ်များ မဖြစ်လာစေရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ်အုပ်ချုပ်ရေးဌာန နဲ့ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်းပြီး ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေတွေမှာ ဖွင့်လှစ်ထားတဲ့ ဆေးခန်းတွေကို ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။