တောင်ကိုရီးယားတွင် ၈ ကြိမ်မြောက် ရက္ခိုင်ရိုးရာ နံ့သာသွေးပွဲ နဲ့ ဘုရားရေသပ္ပာယ်ပွဲ ပြုလုပ်မည်

အာရက္ခတိုင်းမ်စ် (၁၀ ဧပြီ ၂၀၂၆)

တောင်ကိုရီးယားနိုင်ငံမှာ လာမယ့် ဧပြီလ ၁၂ ရက်‌တွင် ရက္ခိုင်ရိုးရာ နံ့သာသွေးပွဲ နဲ့ ဘုရားရေသပ္ပာယ်ပွဲ ပြုလုပ်သွားမှာဖြစ်တယ်လို့ ရခိုင်အသင်း-ကိုရီးယားရဲ့ဥက္ကဌဖြစ်သူ ကိုအောင်လွင်က ဆိုပါတယ်။

အဆိုပါပွဲကို ကျင်းပပြုလုပ်လာတာ ယခုအခါဆိုရှစ်ကြိမ်မြောက်ရှိပြီဖြစ်ပြီး ဘူဖျောင်းဆမ်းဂေါရီဘူတာ(ထွက်‌ပေါက် ၁) အနီးရှိ ဓမ္မယာနသာသနရက္ခိတဘုန်းတော်ကြီးကျောင်းမှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“ ကျနော်တို့ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ကူးတဲ့ ဒီလို သင်္ကြန်ကာလမှာ နံ့သာသွေးပွဲ၊ ဘုရားရေသပ္ပာယ်ပွဲတွေကို ပြုလုပ်ရခြင်းက ရှေး‌ဘိုးဘွားဘီဘင်ကတည်းက ပြုလုပ်လာကြတဲ့ ရက္ခိုင်တို့ရဲ့ ထုံးတမ်းအစဉ်အလာ အမွေအနှစ်ဖြစ်သလို ကျနော်တို့ ရက္ခိုင်အမျိုးသားများရဲ့ အမျိုးသားရေးလက္ခဏာ တရပ်လည်း ဖြစ်ပါတယ်ဗျ။ ဒါကြောင့် ကျနော်တို့ ရက္ခိုင်လူမျိုးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ရက္ခိုင်ပြည် ပြင်ပ ရေခြားမြေခြားကို ရောက်ရှိနေကြရင် မိမိတို့ရဲ့ ထုံးတမ်းအစဉ်အလာ ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ကြဖို့ တာဝန်ရှိပါတယ်။ အဲ့ဒါကြောင့် ကျနော်တို့ ရခိုင်အသင်း (ကိုရီးယား) က ဦးစီးပြီးတော့ တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိနေကြတဲ့ ရက္ခိုင်လူမျိုးများနဲ့ စုပေါင်းပြီး အစဉ်အလာမပြတ် နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကျင်းပနေကြ နံ့သာသွေးပွဲ၊ ဘုရားရေချိုးပွဲ ဖြစ်ပါတယ်ဗျ” လို့ ရခိုင်အသင်း-ကိုရီးယားရဲ့ ဥက္ကဌဖြစ်သူ ကိုအောင်လွင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဧည့်ခံကျွေးမွေးချိန်ဟာ မနက် ၁၀ နာရီ ကနေ နေ့လည် ၁၂ နာရီအထိဖြစ်ပြီး ဆွမ်းကပ်ချိန် မနက် ၁၁ နာရီ နဲ့ တရားနာယူချိန်ကတော့ နေ့လည် ၁၂ နာရီ ၃၀ မိနစ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရက္ခအောင်နိုင် မင်္ဂလာစည်တော်အဖွဲ့က မင်္ဂလာစည်တော်ကို တီးခတ်ပြီး ဖွင့်လှစ်သွားမှာဖြစ်ပြီး အဆိုပါ အခမ်းအနားကို ရက္ခိုင်ရိုးရာဝတ်စုံ (သို့မဟုတ်) အင်္ကျီအဖြူနှင့် ပုဆိုးတို့ကို ဝတ်လာကြရန်လည်း အသိပေးထားပါတယ်။

စစ်ဘေးအန္တရာယ်ကို ရင်ဆိုင်နေရတဲ့ ရက္ခိုင်ပြည်သူ ပြည်သားတွေ နဲ့ မြန်မာပြည်သူ ပြည်သားများအားလုံး နှစ်သစ်မှစပြီး စစ်ဘေးအန္တရာယ်များ ကင်းဝေးကြပါစေလို့လည်း ရခိုင်အသင်း-ကိုရီးယားက ဆုတောင်းမေတ္တာ ပို့သခဲ့ပါတယ်လို့ ဆိုပါတယ်။

Related posts

၁၇ နှစ်မြောက် AA နှစ်ပတ်လည်နေ့အတွက် ရက္ခိုင်အစည်းအရုံး (ဂျပန်) ဂုဏ်ပြုသဝဏ်လွှာပေးပို့

ရက္ခိုင်တွင် ယာဉ်စည်းကမ်းချိုးဖောက်သူတွေကို ဒဏ်ကြေးဆောင်ရန် စတင်သတ်မှတ်

ကချင်အဆိုတော် ဂျက်ဆန်ထွန်း ကွယ်လွန်