ရမ်းဗြဲကမ်းခြေအနီးကို စစ်င်္ဘော ၂ စီး ကပ်လာလို့ ဒေသခံတွေ စိုးရိမ်နေ

အာရက္ခတိုင်းမ်စ် (၁၉ ဧပြီ ၂၀၂၆)

ရက္ခိုင်ပြည် ရမ်းဗြဲမြို့နယ်ရှိ ပင်လယ်ကမ်းစပ်အနီးကို စစ်ကော်မရှင်ရဲ့ စစ်သင်္ဘော ၂ စီး ကပ်လာနေလို့ ရမ်းဗြဲမြို့နယ်ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

“ ဒီရက်ပိုင်းဆို ကုန်းပေါ်ကနေကို စစ်သင်္ဘောတွေကို လှမ်းမြင်ရလောက်ကို တိုးကပ်လာတယ်။ ကမ်းထိုးဖို့လား၊ လက်နက်ကြီးနဲ့ ပစ်ဖို့လား မသိကျတော့ ကမ်းခြေနားက ရွာတွေကတော့ ဘေးလွတ်ရာကို ပြေးကုန်ကြပြီ။ ပြေးနိုင် လွှားနိုင်တဲ့ လူတွေလောက်ပဲ အိမ်စောင့်ကျန်တော့တယ်” လို့ ရမ်းဗြဲမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ ကျောက်နီမော်ကျေးရွာအနီးတွင်လည်း စစ်သင်္ဘော ၂ စီး ရပ်နားထားလို့ ဒေသခံတွေဟာ ငါးရှာမထွက်နိုင်ပဲ စားဝတ်နေရေး ကျပ်တည်းနေကြတယ်လို့ သိရပါတယ်။

“ ငပလီကမ်းခြေဖက်ဆိုလည်း တစီး နှစ်စီးတော့ မြင်နေရတာပဲ။ ပြည်သူတွေကို လှန့်နေတာပေါ့။ ငါတို့ ရှိနေတယ်ဆိုပြီး အကြောက်တရား ပေးနေတာပေါ့။ နေဗီကနေ မပစ်တာတော့ ကြာပါပြီ” လို့ ငပလီမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည် သံတွဲခရိုင် ငပလီမြို့ ဂျိတ္တောရပ်ကွက်ကို စစ်ကော်မရှင်ရဲ့ နေဗီကနေ မတ်လ ၁၆ ရက်က ၂ ကြိမ်တိုင်တိုင် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကော်မရှင်ဟာ ပင်လယ်ထဲက နေဗီကနေ ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေနေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေသလို ဒေသခံရေလုပ်သားတွေကို ဖမ်းဆီးတာတွေလည်း ဆက်တိုက်ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

Related posts

ပုဏ္ဏားကျွန်းကို လေယာဉ် ၅ စီးနဲ့ ဗုံး ၁၀ လုံး ကြဲချ

ဝက်သက်ရောဂါ ကြိုတင်ကာကွယ်ဖို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာန အသိပေး

မြောက်ဦးက ကျောက်ဆည်ပြင် ဘုန်းကြီးကျောင်းကို စကမ ဗုံးကြဲလို့ မီးလောင်(ဓာတ်ပုံသတင်း)