ရက္ခိုင်ရဲ့ ဝင်ပေါက် ထွက်ပေါက်တခုဖြစ်တဲ့ ကံကြီးမှာ အထိုင်စခန်းဖွင့်နေ

အာရက္ခတိုင်းမ်စ် (၂၇ ဧပြီ ၂၀၂၆)

ရက္ခိုင်ပြည်ရဲ့ ဝင်ပေါက် ထွက်ပေါက်တခုဖြစ်တဲ့ မကွေးတိုင်း ဂန့်ဂေါ်ခရိုင် ဆောမြို့နယ်က ကံကြီးကျေးရွာတွင် စစ်ကော်မရှင်က အထိုင်စခန်းဖွင့်ပြီး နေရာယူထားတယ်လို့ သိရပါတယ်။

“ ကျောက်ထု အမတ ၃၆၈ တပ်ရင်းက ပထမ အယောက် ၈၀ ကျော်နဲ့ အထိုင်ဂိတ် လာဖွင့်တယ်၊ ညဖက်ကျ ဖောကားနဲ့ အယောက် ၁၀၀ ကျော် လာပို့တယ်။ အခုဆို အင်အား ၂၀၀ ကျော်နဲ့ အထိုင်ချနေတာ” လို့ ဆောမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ ကံကြီးကျေးရွာလမ်းဆုံ နဲ့ ကံကြီးရွာထဲတွင် နေရာယူထားပြီး စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

“ ၂ ချက် ရှိတာပေါ့။ ၁ ချက်က စစ်ရေးအရ ပြင်ဆင်တာ။ နောက် ၁ ချက်က ဒီကနေ ချင်းနဲ့ ရက္ခိုင်ဖက်ကို ကုန်စည်တွေ အဝင် အထွက်လုပ်တယ်။ လူတွေလည်း ဝင်ထွက်သွားလာနေတယ်။ အဓိက ပြောချင်တာကတော့ ကိုယ့်လူတွေပေါ့။ ရက္ခိုင်ကို ပြန်ဝင်မယ့်သူတွေ သတိ ဝရိယနဲ့ လာကြဖို့။ ပြည်မကို လာချင်တဲ့သူတွေလည်း ဒီချိန်က အချိန်ကောင်းမဟုတ်ဘူး။ သတင်းတွေ သေချာနားစွန့်ပြီးမှ သွားကြပါလို့။ ဟိုကောင်တွေ (စစ်ကော်မရှင်က) လူရော ငွေရော ရအောင်ယူမယ့် သဘောမျိုးနဲ့ အထိုင်ဂိတ်ဖွင့်နေတာ” လို့ ရက္ခိုင်ကုန်သည်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ ကံကြီးတွင် အထိုင်ဂိတ်ချတာနဲ့ တပြိုင်နက် ကံကြီးကျေးရွာ စက်ရေမောင်းနဲ့ ကံကြီးစာသင်ကျောင်းနားက လမ်းဆုံတွေမှာ လက်နက်တွေ ပစ်ဖောက်ပြီး ဒေသခံတွေကို ခြိမ်းခြောက်နေတယ်လို့လည်း သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေကလည်း စစ်ကော်မရှင်က ကံကြီးတွင် အထိုင်ဂိတ်ချထားလို့ ကြန်တော – ကံကြီး – ရေရှင် ကတ္တရာ ကားလမ်းတလျှောက် ဖြတ်သန်းသွားလာခြင်းများ လုံး၀ မပြုလုပ်ရန်လည်း ပြည်သူတွေကို သတိပေးထားတယ်လို့ သိရပါတယ်။

Related posts

အာရက္ခပြည်တည်ဆောက်ရေးတွင် ခမီလူမျိုးတွေကို လေးစားတန်ဖိုးထားသွားမယ်လို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂဆို

ခမီလူငယ်တွေ မိမိတို့ရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုကို မြတ်နိုးစွာ ထိန်းသိမ်းစောင့်ရှောက်ရန် သက်လူမျိုးစု တိုက်တွန်း

AA ထိုးစစ်ဆင်နေတဲ့ နယ်မြေက နတခ တိုင်းမှူး ၅ ဦးအထိ ပြောင်းလဲခံနေရ