အာရက္ခတိုင်းမ်စ် (၂ မေ ၂၀၂၆)
ပဉ္စမအကြိမ်မြောက် စုပေါင်းခွန်အား အာရကန်ဖလား ဘောလုံးပြိုင်ပွဲကို တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပမှာဖြစ်တယ်လို့ ရခိုင်အသင်း (ကိုရီးယား) ရဲ့ ဥက္ကဌ ကိုအောင်လွင်က ဆိုပါတယ်။
အဆိုပါ ပြိုင်ပွဲကိုတော့ မေလ ၃ ရက် မနက် ၇ နာရီ ၄၀ မိနစ် ကနေ ညနေ ၆နာရီအထိ တောင်ကိုရီးယားနိုင်ငံ အင်းချွန်းမြို့ ဆောဒူ အိုလျူဒုန်း dream park ဘောလုံးကွင်းမှာ ပြုလုပ်မှာလည်း ဖြစ်ပါတယ်။
ဝင်ရောက်ယှဉ်ပြိုင်မယ့် အသင်း ၁၁ သင်းကို Group A၊ B၊ C အုပ်စုသုံးစု ခွဲထားပြီး မြေပုံ FC၊ ရမ်းဗြဲ FC၊ မင်းပြား FC၊ စစ်တွေ FC၊ ပလက်ဝ FC၊ မြောက်ဦး FC၊ မောင်တော FC၊ ပေါက်တော FC၊ တောင်ကုတ် FC၊ ရသေ့တောင် FC နဲ့ ပုဏ္ဏားကျွန်း FC တို့ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
“ ကျနော်တို့ ရခိုင်အသင်း (ကိုရီးယား) က ဦးစီးကျင်းပတဲ့ ပဉ္စမအကြိမ်မြောက် စုပေါင်းခွန်အား အာရကန်ဖလား ဘောလုံးပြိုင်ပွဲကို ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ရက္ခိုင်ပြည် မြို့နယ်အသီးသီးကနေပြီး တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိလာပြီး တောင်ကိုရီးယားနိုင်ငံရဲ့ ဒေသအသီးသီးမှာ နေထိုင် အခြေကျလုပ်ကိုင်နေကြတဲ့ ရက္ခိုင်ပြည်ဖွား ညီအကိုမောင်နှမတွေ ဒီ ဘောလုံးပြိုင်ပွဲကို အကြောင်းပြုပြီး တစုတစည်းတည်း တွေ့ဆုံနိုင်အောင် မိတ်ဟောင်း ဆွေဟောင်းတွေ သူငယ်ချင်းတွေ မိသားစုတွေ တနေရာတည်းမှာ တွေ့ဆုံနိုင်ဖို့အတွက် ဒီပွဲကိုကျင်းပရခြင်း ဖြစ်ပါတယ်။ တခြားတဖက်မှာလည်း ရခိုင်အသင်း (ကိုရီးယား) ရဲ့ ကိုရီးယားပြည်တွင်းမှာ လုပ်ဆောင်နေတဲ့ လုပ်ငန်းဆောင်တာတွေ၊ ရက္ခိုင်ပြည်အတွက် လုပ်ဆောင်နေတဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း တနေရာတည်းမှာ ရှင်းလင်းတင်ပြခွင့် ဆွေးနွေးတင်ပြခွင့် ရတဲ့ အခြေနေလည်း ရှိပါတယ်ဗျ” လို့ ဥက္ကဌ ကိုအောင်လွင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဒါ့အပြင် ဘောလုံးပြိုင်ပွဲနဲ့အတူ ရက္ခိုင်မုန့်တီ ရက္ခိုင်ထမင်းဟင်းနဲ့ ရက္ခိုင်အစားအစာများကိုလည်း ရောင်းချသွားမှာ ဖြစ်ပြီး ရရှိလာတဲ့ ရန်ပုံငွေတွေကိုတော့ ရက္ခိုင်ပြည်ရှိ စစ်ဘေးရှောင်တွေကို လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။