မိုးရွာသွင်းလို့ ရက္ခိုင်ကုန်သွယ်ရေးလမ်းများ ဆိုရွားစွာ ပျက်စီးနေ

အာရက္ခတိုင်းမ်စ် (၅ မေ ၂၀၂၆)

ဧပြီလက စတင်ကာ မိုးသည်းထန်စွာရွာသွန်းလို့ ရက္ခိုင်ပြည်က ကုန်သွယ်ရေးလမ်းကြောင်းတွေ ဆိုးရွားစွာ ပျက်စီးနေတယ်လို့ ကုန်သည်များထံမှ သိရပါတယ်။

“ ရက္ခိုင်မိုးက သိတဲ့အတိုင်းပဲ ရွာလိုက်ရင် သဲကြီးမဲကြီးလေ။ အခုက အရင်က လမ်းတွေကို မသုံးရဲကြဘူး။ ကိုယ့်လမ်းကိုဖောက်ပြီး သွားနေကြတာဆိုတော့ မြေလမ်းတွေလေ၊ မိုးရွာလိုက်တော့ ရွံ့တောကြီးလို ဖြစ်နေတာပေါ့။ အဲတော့ သွားလာရေးကတော့ ခက်ခဲသွားတယ်။ ကုန်စည် စီးဆင်းတာ ကြန့်ကြာသွားတာပေါ့” လို့ ကျောက်တော်မြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မိုးအဆက်အပြတ် ရွာသွန်းမှုကြောင့် ရက္ခိုင်ပြည် ကုန်သွယ်လမ်းကြောင်းတခုဖြစ်တဲ့ ပလက်ဝမြို့နယ် ရှင်းလက်ဝလမ်းကြောတွင် ရက္ခိုင်ကုန်သည်အများစုဟာ သွားလာမရဘဲ ပိတ်မိနေတယ်လို့ သိရပါတယ်။

“ ပြောရမယ်ဆို ပိတ်မိနေတာ ကားအစီးရေတင် ၁၀၀ ကျော်တယ်။ ကုန်စိမ်းသမားတော့ ဒီတခါတော့ ခွက်ခွက်လန်အောင် ရှုံးပြီလေ။ ပုတ်ကုန်တယ်၊ ပျက်စီးကုန်တယ်။ ကုန်ခြောက်သမားတွေတောင် ဒီတခါတော့ တော်တော်လေး အထိနာတယ်။ ကုန်ပျက်စီးစာရိတ်တင်မဟုတ်ဘူး။ စားစာရိတ်မှာ ထပ်ကုန်တာလေ” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တပ်တို့ တကျော့ပြန်တိုက်ပွဲ ပြန်ဖြစ်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ကနေစပြီးတော့ စစ်ကော်မရှင်က ရက္ခိုင်ပြည်က မြို့နယ်တွေကိုသွားတဲ့ ကုန်စည်စီးဆင်းတဲ့လမ်းကြောင်းအားလုံးကို ဖြတ်တောက်ထားပြီး သယ်ဆောင်ခွင့် ပိတ်ထားတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ရက္ခိုင်ပြည်ရဲ့ ကုန်စည် ဝင်ပေါက် ထွက်ပေါက်တခုဖြစ်တဲ့ မကွေးတိုင်း ဂန့်ဂေါ်ခရိုင် ဆောမြို့နယ်က ကံကြီးကျေးရွာတွင် စစ်ကော်မရှင်က စစ်အင်အားတွေ အများအပြား ဖြည့်တင်ပြီး ပိတ်ဆို့ထားပါတယ်။

Related posts

ရက္ခိုင်မှာ ဆေးတက္ကသိုလ်ဖွင့်မယ်လို့ ဗိုလ်ချုပ်ပြော

ဆောကို စကမ အင်အားဖြည့်နေတာ AA ကို စစ်မြှူတာဖြစ်နိုင်

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ မြန်မာအစိုးရနဲ့ ဆွေးနွေးပွဲများ၊ India, Bangladesh တို့နဲ့ ဆက်ဆံရေးများအပေါ် ပြောကြားချက်