အာရက္ခတိုင်းမ်စ် (၁၁ မေ ၂၀၂၆)
အာရက္ခတပ်တော်ရဲ့ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် တောင်းဆိုတာကို စစ်တပ်င လက်ခံနိုင်မှာမဟုတ်ဘူးလို့ နိုင်ငံရေးသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ဆိုပါတယ်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ အစိုးရက ကျနော်တို့ကို ၂၀၂၃ ခုနှစ် မတိုင်ခင်က အခြေအနေအတိုင်း ပြန်သွားစေချင်တယ်။ အဲဒီလိုဆိုရင် ကျနော်တို့ကလည်း ၁၇၈၄ ခုနှစ် (ရက္ခိုင်လွတ်လပ်သောနိုင်ငံအဖြစ်ကနေရပ်စဲသွားသောနှစ်) အခြေအနေကို ပြန်သွားချင်တာပေါ့။ လက်တွေ့မကျတဲ့ အရာတွေကို တောင်းဆိုနေမယ့်အစား အစိုးရအနေနဲ့ မြေပြင်က အရှိတရားကို အခြေခံပြီး အားလုံးပါဝင်တဲ့၊ စစ်မှန်တဲ့ ဆွေးနွေးမှုမျိုးကိုပဲ အာရုံစိုက်သင့်ပါတယ်။ ဆွေးနွေးပွဲတွေဟာ မြေပြင်အခြေအနေနဲ့ ကင်းကွာနေလို့ မရပါဘူး” လို့ ပြောဆိုထားပါတယ်။
အဆိုပါ ပြောဆိုမှုနဲ့ ပတ်သက်ပြီး “ စစ်တပ်ကတော့ လက်ခံနိုင်မှာမဟုတ်ဘူး။ ဘာလို့ဆို ဒီ ရက္ခိုင်က တရုတ်ရဲ့ interest အကြီးဆုံးကျတဲ့ ဒေသလည်းဖြစ်တယ်။ အဲတော့ တရုတ်ရဲ့ ထောက်ခံမှုနဲ့က ခု အစိုးရ ရှင်သန်နေရတဲ့ အနေအထားလည်း ဖြစ်တယ်။ အဲလို အနေအထားမျိုးမှာ AA ရဲ့ တောင်းဆိုမှုကို လက်ခံလိုက်ရင် စစ်တပ်က အညံ့ပေးတဲ့သဘော ဖြစ်သွားမယ်။ အညံ့ခံလိုက်တဲ့သဘော ဖြစ်သွားမယ်” လို့ နိုင်ငံရေးသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ဆိုပါတယ်။
စစ်ကော်မရှင်အနေနဲ့ အာရက္ခတပ်တော်ကိုလည်း ညီနောင်မဟာမိတ်ဖြစ်တဲ့ MNDAA နဲ့ TNLA လို ပြုလုပ်သွားနိုင်တယ်လို့လည်း သူက ဆိုပါတယ်။
“ သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ဒီ လက်နက်ကိုင်အစုအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်လိုက်နိုင်ပါပြီဆိုတဲ့ဟာ ပြဖို့လိုတယ်။ အဲအတွက်ကြောင့်မို့လို့ ဒီ ၉၀ ရာခိုင်နှုန်းရှိနေတဲ့ အနေအထားအတိုင်း AA ကို အသိအမှတ်ပြုဖို့ ပေးလိုက်ဖို့ဆိုရင် ဒါ သူနဲ့ အပြိုင်သဘောမျိုး အုပ်ချုပ်မှုအာဏာရှိနေတဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်လိုမျိုး လူမျိုး ရှိနေတယ်ဆိုတာကို သူ ဝန်ခံလိုက်သလို ဖြစ်သွားနိုင်တယ်။ သူလုပ်နိုင်တဲ့ပုံစံက အခု MNDAA နဲ့ TNLA ကစားသွားသလိုမျိုး ဘယ်အဖွဲ့တွေကတော့ ဘယ်မြို့ပြန်ပေး ဘယ်အဖွဲ့တွေကတော့ ဘယ်မြို့ပြန်ပေးပေါ့” လို့ နိုင်ငံရေးသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ဆိုပါတယ်။
စစ်ကော်မရှင်ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက EAOs အားလုံးကို လာမယ့် ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထားပြီး ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေး ဆွေးနွေးရန် ဧပြီလ ၂၁ ရက်က ဖိတ်ခေါ်ထားပါတယ်။
(မှတ်ချက် – အဆိုပါ စကားကို သတင်းထောက် သက်ထွေးနိုင်နဲ့ နိုင်ငံရေးသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုး တို့ သီးသန့်တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်)