ပုသိမ်တွင် AA နဲ့ PDF များ အလင်းဝင်ဆိုပြီး စကမ ဝါဒဖြန့်နေ

အာရက္ခတိုင်းမ်စ် (၁၁ မေ ၂၀၂၆)

​ဧရာဝတီတိုင်း ပုသိမ်ခရိုင် ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) တွင် အာရက္ခတပ်တော် နဲ့ PDF များ အလင်းဝင်ရောက်လာတယ်လို့ စစ်ကော်မရှင်က ဝါဒဖြန့်နေတယ်လို့ သိရပါတယ်။

“ အာရက္ခတပ်တော် နဲ့ PDF အဖွဲ့ဝင် ၃၁ ဦး လက်နက်ခဲယမ်းများနဲ့အတူ အလင်းဝင်လာခဲ့တယ်ဆိုပြီး ယနေ့ မေလ ၁၁ ရက်တွင် မိဘများထံ ပြန်လည်အပ်နှံတဲ့ပွဲကို လုပ်ကြံဖန်တီးပြီး ဝါဒဖြန့်ချီခဲ့တယ်” လို့ သတင်းအထူးတပ်ဖွဲ့-ပုသိမ်က ဆိုပါတယ်။

​အဆိုပါ အခမ်းအနားကို စစ်ကော်မရှင်က ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နဲ့ ဝန်ကြီးချုပ် ဦးအေးကျော်တို့ တက်ရောက်ခဲ့ကြပြီး၊ အလင်းဝင်လာသူများမှာ အဖွဲ့အစည်းဝင်များမဟုတ်ဘဲ တပ်တွင်းမိသားစုဝင်များကိုသာ လူစားထိုးကာ လိမ်လည်ရိုက်ကူး ပုံဖော်ခဲ့ခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

“ ​နတခ စစ်တိုင်းမှူးများဟာ တော်လှန်ရေးအင်အားစုများဖြစ်တဲ့ AA၊ PDF၊ ပကဖ များကို စစ်ရေးအရ ရင်ဆိုင်နိုင်စွမ်း မရှိခြင်းကြောင့် ရာထူးမှ ဖယ်ရှားခံရခြင်းနဲ့ အရန်တပ်ကို ပို့ဆောင်ခံရခြင်းများ ခပ်စိပ်စိပ် ဖြစ်ပေါ်နေတယ်။ ထိုကြောင့် လက်ရှိ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်ဟာ သူ့ရဲ့ ရာထူးတည်မြဲရေးနဲ့ အထက်လူကြီးများထံ မျက်နှာကောင်း ရရှိစေရန်အတွက် ပြောင်းရွှေ့လာပြီး လပိုင်းအတွင်း ယခုကဲ့သို့ အခြေအမြစ်မရှိတဲ့ လုပ်ကြံဝါဒဖြန့်ပွဲကို စီစဉ်ခဲ့ခြင်းဖြစ်တယ်” လို့လည်း သတင်းအထူးတပ်ဖွဲ့-ပုသိမ်က ဆိုပါတယ်။

စစ်ကော်မရှင်က အလင်းဝင်လာသူများတွင် ပါလာတဲ့ လက်နက်ခဲယမ်းများမှာ MA-1 သေနတ် ၃ လက်၊ M-22 သေနတ် ၂ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည် ၃၃၈ တောင့်နဲ့ ကျည်အိမ် ၆ ခုတို့ ဖြစ်ပြီး မောင်းပြန်ရိုင်ဖယ် ၅ လက်အတွက် ငွေကျပ်သိန်း ၂၅၀၊ လက်ပစ်ဗုံး ၁ လုံးအတွက် ငွေကျပ် ၃ သိန်းနဲ့ အလင်းဝင်ရောက်လာသူများအတွက် ငွေကျပ် ၉၃ သိန်း စုစုပေါင်း ငွေကျပ် ၃၄၆ သိန်းကို ဧရာဝတီတိုင်းဝန်ကြီးချုပ်နဲ့ တိုင်းမှူးတို့က ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

​ယနေ့ ပြုလုပ်တဲ့ပွဲတွင် ပြသခဲ့တဲ့ အချက်အလက်များနဲ့ ဖြစ်စဉ်များဟာ သေသပ်မှုမရှိတဲ့အပြင် အကျိုးအကြောင်း ခိုင်လုံမှု လုံးဝ ကင်းမဲ့နေတာကို တွေ့ရပြီး တော်လှန်ရေးအင်အားစုများဘက်က အလင်းဝင်ရောက်သွားခြင်း မရှိကြောင်း အတည်ပြုချက်များ ထွက်ပေါ်နေသကဲ့သို့ အခမ်းအနားတွင် ပါဝင်သူများဟာလည်း စစ်ကောင်စီရဲ့ တပ်တွင်း မိသားစုဝင်များသာ ဖြစ်နေခြင်းက သူတို့ရဲ့ လိမ်လည်မှုကို ပိုမိုထင်ရှားစေခဲ့တယ်လို့လည်း အထူးသတင်းတပ်ဖွဲ့-ပုသိမ်က ဆိုပါတယ်။

Related posts

ဗိုလ်ချုပ်ထွန်းမြတ်နိုင် တောင်းဆိုတာကို စစ်တပ်က လက်ခံနိုင်မှာမဟုတ်

ပြည်ပရောက် ညီနောင်ပရဟိတအသင်းများ စုပေါင်းပြီး (HDCO) ကို တတိယအကြိမ်မြောက် လှူဒါန်း

နံရံကို ဦးခေါင်းနဲ့ တိုက်ရဦးမယ့် အာရက္ခပြည် ပြန်လည်ထူထောင်ရေး