KIA ကိုသာထိန်းနိုင်ရင် AA ဟာ ထည့်တွက်စရာမလို‌လို့ ရွေးတု ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေပြော

အာရက္ခတိုင်းမ်စ် (၁၂ မေ ၂၀၂၆)

KIA ကိုသာထိန်းနိုင်ရင် AA ဟာ အများကြီး ထည့်တွက်စရာမလို‌တဲ့ အခြေအနေထိ ရောက်သွားလိမ့်မယ်လို့ အတုအယောင်ရွေးကောက်ပွဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေက CNI Burmese ကို ပြောခဲ့တာလည်း ဖြစ်ပါတယ်။

“ KIA ကို ထိန်းချုပ်လိုက်တာနဲ့ KIA က အဓိက ထောက်ပံ့ပေးထားတဲ့ AA ဟာ KIA ရဲ့ လက်နက်တွေချည်း အကုန်လုံး ကိုင်တွယ်နေတာ။ Training Ground ကအစ အရာရှိအဆင့်ထိပဲ Training တွေ အကုန်လုံးက KIA ကပဲ ပေးနေတာလေ။ အဲဒီတော့ KIA ကို ကောင်းကောင်း ထိန်းချုပ်နိုင်ရင် AA အင်အားလျော့သွားမယ်။ ဒီဘက် အစိုးရနဲ့ ပြန်လည် ပူးပေါင်းလာလိမ့်မယ်။ အခုက AA က KIA Supply ကြောင့် အားရှိတယ်လို့ သူတို့ ယူဆပြီးတော့ ကွန်ဖက်ဒရေးရှင်း ဘာညာ ဒီအထိ တောင်းဆိုနေတာကို။ အဲဒီတော့ KIA ကိုသာ ထိန်းနိုင်ရင် AA ဟာ အများကြီး ထည့်တွက်စရာမလို‌တဲ့ အခြေအနေထိ ရောက်သွားလိမ့်မယ်” လို့ တိုင်းရင်းသားစည်းလုံးညီ ညွတ်‌ရေးပါတီ (တစည) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေက ပြောခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာကျော်ဆွေဟာ တစည ပါတီကို ကိုယ်စားပြုပြီး မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူလည်း ဖြစ်ပါတယ်။

ဒေါက်တာကျော်ဆွေ က ထပ်မံပြီးတော့ “ G to G ရဖို့အတွက် KIA ကို တိတိကျကျ ထိန်းချုပ်မယ့် နည်းလမ်းတွေ တရုတ်လက်ထဲမှာ ရှိပြီးသား။ အဲဒါတွေကို တိတိကျကျ လိုက်နာလုပ်ပေးရင် ကျနော်တို့ မြန်မာပြည်အတွက်လည်း ကောင်းမယ်။ KIA လည်း ကျနော်တို့အပေါ် ဖိအားပေးနိုင်မှုတွေ လျော့ကျသွားမယ်။ KIA လျော့ကျသွားရင် AA လည်း အင်အားလျော့ကျသွားမယ်။ ဒီလိုနည်းအားဖြင့် မြန်မာပြည် ငြိမ်းချမ်းရေးဟာ ရေရှည် ပိုကောင်းတဲ့လမ်းကို ရောက်လိမ့်မယ်လို့ ကျနော်တို့က ယုံကြည်တယ်” လို့ ဆိုထားပါတယ်။

အာရက္ခတပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ “ အစိုးရက ကျနော်တို့ကို ၂၀၂၃ ခုနှစ် မတိုင်ခင်က အခြေအနေအတိုင်း ပြန်သွားစေချင်တယ်။ အဲဒီလိုဆိုရင် ကျနော်တို့ကလည်း ၁၇၈၄ ခုနှစ် (ရက္ခိုင်လွတ်လပ်သောနိုင်ငံအဖြစ်ကနေရပ်စဲသွားသောနှစ်) အခြေအနေကို ပြန်သွားချင်တာပေါ့။ လက်တွေ့မကျတဲ့ အရာတွေကို တောင်းဆိုနေမယ့်အစား အစိုးရအနေနဲ့ မြေပြင်က အရှိတရားကို အခြေခံပြီး အားလုံးပါဝင်တဲ့၊ စစ်မှန်တဲ့ ဆွေးနွေးမှုမျိုးကိုပဲ အာရုံစိုက်သင့်ပါတယ်။ ဆွေးနွေးပွဲတွေဟာ မြေပြင်အခြေအနေနဲ့ ကင်းကွာနေလို့ မရပါဘူး” လို့ ပြောဆိုထားပါတယ်။

Related posts

ကျောက်ဖြူ ရေတပ်စခန်းအနီးတွင် တိုက်ပွဲပြင်းထန်နေ

မြောက်စမ်းက အမြောက်တပ်ကို AA ပြန်လည် ထိုးစစ်ဆင်နေ

ပုသိမ်တွင် AA နဲ့ PDF များ အလင်းဝင်ဆိုပြီး စကမ ဝါဒဖြန့်နေ