အာရက္ခတိုင်းမ်စ် (၁၅ မေ ၂၀၂၆)
ရက္ခိုင်ပြည်အတွင်းရှိ နွမ်းပါးတဲ့ Grade 11 ကျောင်းသားများ အခမဲ့ ပညာသင်ယူရန်အတွက် ဝင်ခွင့်လျှောက်လွှာကို မေလ ၁၇ ရက်ထိ ထပ်မံ တိုးမြှင့်လိုက်တယ်လို့ ရက္ခိုင်အားမာန်လူမှုဖွံ့ဖြိုးရေးအဖွဲ့က ဆိုပါတယ်။
လျှောက်လွှာတွေကို လာမယ့် မေလ ၁၇ ရက် နောက်ဆုံးထားပြီး မြောက်ဦးမြို့နယ်ရှိ ရက္ခိုင်အားမာန်လူမှုဖွံ့ဖြိုးရေးအဖွဲ့ရုံးအပါအဝင် Email-khinmaungsan.arrmann@gmail.com၊ Telegram – @khinmaungsanm99 နဲ့ Viber – 0942175178 တို့ကတဆင့် ဆက်သွယ် လျှောက်ထားနိုင်တယ်လို့ ရက္ခိုင်အားမာန်လူမှုဖွံ့ဖြိုးရေးအဖွဲ့ ဒါရိုက်တာ ဦးခင်မောင်ဆန်းက ပြောပါတယ်။
“ ရက်ထပ်တိုးရတဲ့ အကြောင်းအရင်းကတော့ လျှောက်လွှာတင်တဲ့သူတွေ အရမ်းများနေလို့။ နောက်ထပ် အခက်အခဲကိုယ်စီရှိတဲ့ ကျောင်းသား၊ သူတွေ မကျန်ခဲ့ရအောင်လို့ ရည်ရွယ်ပါတယ်။ သတ်မှတ်ချက်တွေကတော့ မိဘမှာ ပညာသင်ဖို့ အခက်အခဲတွေရှိတယ် နောက်ပြီး ကလေးက ပညာဆက်သင်ချင်စိတ်ပြင်းပြတယ်။ ဒီ အဓိကနှစ်ချက်ကို အခြေခံပြီး ရွေးချယ်သွားမှာပါ။ ပညာတော်ပြီး ခက်ခဲတဲ့ ကလေးတွေ ကျောင်းပြင် မရောက်စေချင်တဲ့ ရည်ရွယ်ချက်ပါ” လို့ ဦးခင်မောင်ဆန်းက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
လက်ရှိမှာ လျှောက်ထားသူ ၁၀၀ ကျော်ရှိပြီး ဝင်ခွင့်စာမေးပွဲကိုတော့ မေလ ၁၈ ရက်မှာ ပြုလုပ်မှာလို့ သိရပါတယ်။ လျှောက်ထားသူတွေထဲကမှ ကျောင်းသား ၂၅ ဦး နဲ့ ၃၀ ဦးကြားထိ ရွေးချယ်မှာ ဖြစ်ပါတယ်။ ရွေးချယ်ခံရသူတွေကို ရက္ခိုင်အားမာန်လူမှုဖွံ့ဖြိုးရေးအဖွဲ့ရဲ့ Facebook Page မှာ အသိပေးကြေညာသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ စာအုပ်စာတမ်းတွေကိုတော့ အကိုတို့ဘက်မှာ အလှူရှင်တွေရှိလျှင် အကိုတို့ဘက်ကဘဲ ထောက်ပံ့ပေးပါတယ်။ မရှိရင် သူ့တို့ဘာသာ ဝယ်ရမှာပါ။ အခက်ခဲတွေ အများကြီး ရှိပါတယ်။ အဓိကတော့ စားစရိတ်ပါဘဲ။ ဒါပေမဲ့ ကျွန်တော်တို့ဘက်တော့ အတတ်နိုင်ဆုံး ဖြေရှင်းပါတယ်။ အလှူရှင်အနေနဲ့ အခက်ခဲရှိတဲ့ကျောင်းသား/သူ တွေကို ကျောင်းပြင်ပ မရောက်အောင် ဝိုင်းပြီးကူညီပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်” လို့ သူက ဆက်ပြောခဲ့ပါတယ်။
ရက္ခိုင်အားမာန်လူမှုဖွံ့ဖြိုးရေးအဖွဲ့ကို ၂၀၁၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၈ ခုနှစ်ကတည်းကစပြီး နွမ်းပါးတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို လျှောက်လွှာခေါ်ယူပြီး နှစ်စဉ် အခမဲ့ ပညာသင်ကြား ပေးလျက်ရှိပါတယ်။ အခမဲ့ ပညာသင်ကြားပေးခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေအနက် ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်မှာတော့ ၆ ဘာသာဂုဏ်ထူးရှင်၊ ၂ ဘာသာဂုဏ်ထူးရှင် နဲ့ ၁ ဘာသာဂုဏ်ထူးရှင်စတဲ့ ထူးချွန်ကျောင်းသား၊ ကျောင်းသူတွေလည်း ထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။