အာရက္ခတိုင်းမ်စ် (၁၅ မေ ၂၀၂၆)
ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့ပေါ်ကို စစ်ကော်မရှင်က ဒီကနေ့ မေလ ၁၅ ရက် မနက် ၉ နာရီလောက်မှာ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“ဂျက်လေယာဉ် ၂ စီးနဲ့ ပေါင် ၂၀၀ တလုံး ပေါင် ၃၀၀ တလုံး နှစ်လုံး ကြဲသွားတယ်” လို့ ပုဏ္ဏားကျွန်းမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကော်မရှင်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်က နေအိမ် ၅ လုံးထက်မနည်း ပျက်စီးခဲ့တာလည်း ဖြစ်ပါတယ်။
“ အရပ်သားပြည်သူတို့ရဲ့ နေအိမ်များကို စစ်ရေးပစ်မှတ်မဟုတ်ဘဲ လေကြောင်းအားကိုးပြီး ဖျက်စီးတိုက်ခိုက်မှုအပေါ် အလွန်ရွံစရာ ကောင်းတဲ့လုပ်ရပ်လို ရှုမြင်ပြီး ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုပ်ချပါတယ်” လို့ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးက ဆိုပါတယ်။
အလားတူ မြန်မာစစ်တပ်ရဲ့ အခုလို လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းကို နိုင်ငံတကာအနေနဲ့ အရေးယူပေဖို့ကိုလည်း အာရက္ခပြည်သူများကိုယ်စား တောင်းဆိုအပ်ပါလို့ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးက ဆိုပါတယ်။
Photo – PYA