အာရက္ခတိုင်းမ်စ် (၂၂ မေလ ၂၀၂၆)
မိုခါမုန်တိုင်းပြီးနောက် နတ်ချောင်းတွင် သောက်သုံးရေ ညစ်ညမ်းလာလို့ ရွာလုံးကျွတ်စုပေါင်းပြီး ရေကန်တူးဖော်နေတယ်လို့ နတ်ချောင်းလူငယ်များအသင်း (Natchaung Youth Association – NYA) ရဲ့ တာဝန်ရှိသူတဦးက အာရက္ခတိုင်းမ်စ် ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်မှာ တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရက္ခိုင်ပြည်အတွင်းရှိ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ အစရှိတဲ့ မြို့နယ်တွေမှာ နေအိမ်အဆောက်အဦတွေ ပျက်စီးခဲ့သလို လူ ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ စကစရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ယခင်က နတ်ချောင်းမြို့နယ်မှာ သောက်သုံးရေ ခမ်းခြောက်ခြင်း မရှိခဲ့ပေမယ့် မိုခါမုန်တိုင်း ပြီးနောက်မှာတော့ သောက်ရေကန်တွေဟာ ကျန်းမာရေးအရသောက်သုံးရန် မသင့်တဲ့ အခြေနေတွေ ဖြစ်ခဲ့တယ်လို့ အဆိုပါ အသင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ ရေကန်က တနှစ်မှ ရေခမ်းမသွားဘူး။ မိုခါနောက်ပိုင်း ဒီနှစ်မှာ ရေက သောက်သုံးလို့ မရအောင်ထိ ရေညှိတွေလိုဖြစ်ပြီး ကျန်းမာရေးအတွက် ထိခိုက်လာမှာစိုးလို့ ရွာက ကျောင်းထိုင်ဆရာတော်နဲ့ ရွာသားများ စုပေါင်းပြီး ဆရာတော်ရဲ့ အသိ ဒကာ၊ ဒကာမများက အလှူထည့်ဝင်ပြီး အဝေးရောက် နတ်ချောင်းရွာသားများက အလှူပါဝင်ကြလို့ ဒီနှစ်မှာ တူးဖော်ရခြင်းပါ။ အဖိုးအဖွားလက်ထက်က တကြိမ် တူးဖော်ခဲ့ပြီး အခုဆို ၃ ကြိမ်တိုင် ရှိပါပြီ” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
သောက်ရေကန် တူးဖော်ခြင်းကို ယခင်တည်းက တူးဖော်ခဲ့သလို ၂၀၁၃ ခုနှစ်တွင် ဒုတိယအကြိမ် နဲ့ ယခုအခါ တတိယအကြိမ် တူးဖော်ခြင်းဖြစ်ပြီး သောက်ရေကန် တူးဖော်ခြင်းကို နတ်ချောင်းရွာ ရွာလုံးကျွတ်နီးပါး ပါဝင် ကူညီ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
လတ်တလောတွင် သောက်သုံးရေအတွက် အနီးနားရှိ ကျေးရွာဖြစ်တဲ့ ဂျင်ချေ (ခမီ) ရွာမှာ သွားရောက် ယူဆောင်နေရပြီး သုံးရေအတွက်ကိုမူ နတ်ချောင်းရွာထဲရှိ တခြား ရေကန်တွေက သုံးစွဲနေရတယ်လို့ နတ်ချောင်းလူငယ်များအသင်း (Natchaung Youth Association – NYA) ထံက သိရပါတယ်။