အာရက္ခတိုင်းမ်စ် (၂၅ မေ ၂၀၂၆)
ရက္ခိုင်ပြည် မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်ရှိ ရွှေရိုးရာ KTV ဟာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖာက်ခဲ့လို့ ပိုင်ရှင်၊ တာဝန်ရှိသူ နဲ့ ဖွင့်ခွင့်ပေးသူတွေကို ထိထိရောက်ရောက် စစ်ဆေး အရေးယူသင့်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဆိုပါတယ်။
ရွှေရိုးရာ KTV ဟာ အလုပ်သမားတွေကို အပြစ်တစုံတရာ မရှိဘဲ ပါးရိုက်နှက်ခြင်း၊ ဝါယာကြိုးနှစ်ပင်လိမ်နဲ့ ကျောကုန်းကို ပြင်းထန်စွာ ရိုက်နှက်ဆဲဆိုခြင်းအပြင် HIV ကူးစက်ခံထားရသူ ၂ ဦးကို ULA အစိုးရ ဆေးဘက်ဆိုင်ရာဌာနက လိင်လုပ်သားများကို HIV ပိုးကာကွယ်ဆေး အခမဲ့ထိုးနှံပေးတဲ့အခါတွင်လည်း အဆိုပါ အမျိုးသမီး ၂ ဦးကို ဆိုင်ပိုင်ရှင်များက ဆေးမထိုးရအောင် ချန်လှပ်ထားခဲ့တယ်လို့ ထွက်ပြေးလွတ်မြောက်လာသူက Arakan Bay News ကို ဖြေကြားခဲ့ပါတယ်။
အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတဦးက “ အလုပ်သမားမှာလည်း အလုပ်သမား အခွင့်အရေးရှိတယ်။ ပြည့်တန်ဆာမှာလည်း သူ့အခွင့်အရေးရှိတယ်။ အခုက လူ့အခွင့်အရေး ချိုးဖောက်တာတင် မဟုတ်ဘူး။ လူသားတဦးရဲ့ အခြေခံရပိုင်ခွင့် ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း ချိုးဖောက်ကျူးလွန်တယ်။ ပြီးတော့ အဲရောဂါကို အခြားသူတွေကို ကူးစက်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာလေ။ ဒီ KTV နဲ့ ပတ်သက် ဆက်စပ်သူတွေအားလုံးကို ထိထိရောက်ရောက် စစ်ဆေး အရေးယူဖို့လိုတယ်။ မဟုတ်ရင် စစ်ကောင်စီခေတ်နဲ့ ဘာထူးတော့မှာလဲ” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အဆိုပါ ရွှေရိုးရာ KTV ဖြစ်စဉ်သတင်းကို Arakan Bay News တွင် မေလ ၂၃ ရက်က ဖော်ပြအပြီးမှာတော့ မေလ ၂၄ ရက် မနက် ၉ နာရီခန့်မှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ တရားဥပဒေစိုးမိုးရေးဌာန (DLEPS) နဲ့ မြောက်ဦးခရိုင်အုပ်ချုပ်ရေးဌာနတို့ ပူးပေါင်းကာ ဝင်ရောက် စစ်ဆေး ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
“ ဒီဖြစ်စဉ်ဟာ လူသားမျိုးဆက်အတွက် အရမ်းကြောက်စရာကောင်းတယ်။ ဒီ HIV ရှိသူတွေနဲ့ အကာအကွယ်မပါဘဲ ဘယ်နှစ်ယောက်တောင် ဆက်ဆံပြီးပြီလဲ။ ဆက်ဆံသူကတဆင့် အိမ်ထောင်ဖက်လား သမီးရည်းစားလား တွေးကြည့် တကယ်ကို ရင်လေးစရာပါ။ ဒါဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာလားဆိုတာကို သေသေချာချာ စစ်ဆေးသင့်တယ်။ ဖော်ထုတ်သင့်တယ်။ အပြစ်ပေးသင့်တယ်။ သူတို့က အပြစ်ဒဏ်ခံရပေမယ့် ဘာမှမသိ နားမလည်ဘဲ ကူးစက်ခံရမယ့်သူတွေအတွက် ဘယ်သူက တာဝန်ယူမှာလဲ။ ကိုယ်ချင်းစာကြည့်ပါ” လို့ မြောက်ဦးမြို့နယ်က အမျိုးသမီးတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အဆိုပါ KTV ကို ဝင်ရောက်စစ်ဆေးရာတွင် ရွှေရိုးရာ KTV ဟာ တရားမဝင် ပြည့်တန်ဆာလုပ်ငန်းကို တွင်ကျယ်စွာလုပ်ကိုင်နေတာ တွေ့ရှိခဲ့ရလို့ KTV ပိုင်ရှင်မ မမိုး(ခ) ခင်မိုးမိုးဝင်း (အသက် ၅၆ နှစ် )၊ ကျော်ဝင်းနိုင် (မမိုးရဲ့ ဒုတိယအိမ်ထောင်) အသက် ၂၉ နှစ်၊ KTV ပိုင်ရှင် မမိုးရဲ့ သမီးနှစ်ယောက်ဖြစ်သူ မနှင်းအိဖြိုး (၃၅နှစ်)၊ ဝေဇင် (၃၂ နှစ်) အပါအဝင် မိသားစုဝင် ကျော်ဇင်မျိုး (၃၂ နှစ်) တို့ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။