အာရက္ခတိုင်းမ်စ် (၂၆ မေ ၂၀၂၆)
မကွေးတိုင်း ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းကို ပဒါန်းမြို့နယ်မှာရှိတဲ့ အမှတ် ၉၀၅ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (အမတ) ကနေ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်အများအပြားနဲ့ လက်နက် ရိက္ခာတွေ ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။
စစ်ကော်မရှင်ဟာ နတ်ရေကန်ဗျူဟာကုန်းကနေ နှစ်မိုင်ခန့်အကွာမှာရှိတဲ့ အရှေ့မြောက်ဘက်က ပဇီရွာနဲ့ အရှေ့တောင်ဘက်က ဂုတ်ကြီးရွာကို အင်အားဖြည့်ပြီး စစ်ကြောင်းထိုးဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။
“ တိုက်ပွဲကတော့ ပြင်းထန်နေတုန်းပဲ။ သူတို့ဖက်ကတော့ သင်တန်းဆင်း တပ်သားအသစ်တွေနဲ့ ထိုးတယ်။ လေကြောင်းကနေ ပစ်ကူပေးနေပေမယ့် တပ်သားတွေကတော့ တိုက်ပွဲမှာ အသေများနေလို့ တပ်မကနေ ထပ်ထပ်ပြီး ပို့ပေးနေတာ” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
မကွေးတိုင်း ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းရဲ့ ခြေကုပ်စခန်းငယ်တခုကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက မေလ ၁၈ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
နတ်ရေကန် ဗျူဟာကုန်းကို စစ်ကော်မရှင်တပ်က ပဒါန်းတပ်နယ်ရှိ အမှတ် ၉၀၅ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမှတ် ၃၇၅ အမြောက်တပ်ရင်းနဲ့ အမှတ် ၄၀၉ အမြောက်တပ်ရင်းတွေကနေ စစ်အင်အားတွေ အဆက်မပြတ် ပို့ဆောင်နေတယ်လို့လည်း သိရပါတယ်။
“ ဒီကို ရောက်လာကြတာတဲ့ စစ်သင်တန်းဆင်းတွေက ပဲခူးနဲ့ ဧရာဝတီက အများဆုံးပဲ။ ထွက်ပြေးပြီး အလင်းဝင်လာတဲ့သူတွေ ပြောတာကတော့ မူးယစ်ဆေးတွေကျွေးပြီးကို တိုက်ခိုင်းတာလို့ ပြောတယ်။ ပြန်ဖမ်းမိရင်လည်း အသေရိုက်၊ နဖူးတွေမှာ တက်တူးတွေပါ ထိုးပစ်တာ” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။
နတ်ရေကန်ဗျူဟာကုန်းစခန်းကို အမ်း – ပဒါန်းလမ်းပိုင်းက အမြင့်ပေ ၅၀၀၀ ကျော်မှာ တည်ဆောက်ထားတာဖြစ်ပြီး စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းရန် ကာကွယ်ရေးစခန်းတခုဖြစ်သလို ရက္ခိုင်ပြည် အပါအဝင် မြန်မာနိုင်ငံရဲ့ အနောက်ဖက်က လေကြောင်းရန်တွေကို ထောက်လှမ်းဖို့အတွက် ပြုလုပ်ထားတာကြောင့် အရေးပါတဲ့ စခန်းကုန်းတခုလည်း ဖြစ်ပါတယ်။
အဆိုပါ ဗျူဟာကုန်းအနီးက ကာကင်းစခန်းတွေဖြစ်တဲ့ အမ်း – ပဒါန်းလမ်းပိုင်းက မထုံး၊ လင်းတဲ၊ စွန်တက်၊ ဂုတ်စည်း၊ ကံမြင့်ကန်၊ ဂုတ်ကြီး၊ ကြက်ရေစမ်း၊ ပိန်ရေစမ်းနဲ့ ပဇီကျေးရွာတွေကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။
မကွေးတိုင်းအစပ် နတ်ရေကန်ဗျူဟာကုန်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဖြစ်တဲ့ ချင်းကာကွယ်ရေးတပ်၊ အရှိုချင်းကာကွယ်ရေးတပ်၊ မကွေးတိုင်းအခြေစိုက် PDF တပ်ရင်း၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)၊ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA (မကွေး) တပ်တွေက ပူးပေါင်းကာ ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။