အာရက္ခတိုင်းမ်စ် (၂၆ မေ ၂၀၂၆)
ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်ရှိ ကျောက်ဖြူလေဆိပ်တွင် စစ်ကော်မရှင်ရဲ့ ဂျိုင်ရိုကော်ပတာ (Gyrocopter) အများအပြား ရောက်ရှိနေတယ်လို့ သိရပါတယ်။
“ ဂျိုင်ရိုကော်ပတာ (Gyrocopter) က စစ်မျက်နှာပြင်မှာ တော်တော်အားကိုးရတယ်။ မြေပြင်ကို ထောက်လှမ်းလို့လည်းရတယ်။ ကုန်ကျစာရိတ်လည်း သက်သာတယ်။ ပြီးတော့ ပေါင် ၁၂၀ လောက်အထိလေးတဲ့ လက်နက်တွေကိုလည်း သယ်ဆောင်နိုင်တယ်လေ။ မိုးကာလရောက်တော့မှာဆိုတော့ စကမက သူ့ရဲ့ ဂျက်ဖိုက်တာတွေ Y 12 တွေက သိပ် အသုံးမဝင်တော့ဘူးလေ” လို့ ကျောက်ဖြူတိုက်ပွဲကို စောင့်ကြည့်လေ့လာနေသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရက္ခိုင်ပြည် ကျောက်ဖြူတွင် မိုးတွင်းကာလအတွက် ကြိုတင်ကာ ဂျိုင်ရိုကော်ပတာ (Gyrocopter) များ စုဆောင်းနိုင်ရန် မင်းအောင်လှိုင်က ၂၀၂၆ ခုနှစ် ဧပြီလ ၂၄ ရက်က စတင်ကာ ရန်ကုန်ကနေ မာန်အောင်နဲ့ ကျောက်ဖြူကို တပတ် ၃ ရက်နှုန်းနဲ့ လေယာဉ်ပြန်လည် ပြေးဆွဲခိုင်းထားတာလည်း ဖြစ်ပါတယ်။
“ တပ်ချုပ်အပြောင်းအလဲမှာ တိုက်ပွဲပုံစံ ပြောင်းတာပေါ့။ ပထမ တပ်ချုပ်တုန်းက ကြည်းကရော လေရော ရေရော အကုန်သုံးခဲ့တာပဲ။ AA ကို နိုင်မှမနိုင်ခဲ့တာ။ အခု တပ်ချုပ်ကျတော့ ဒီ ဂျိုင်ရိုကော်ပတာ (Gyrocopter) တို့ အော်တိုဂျိုင်ရို (Autogyro) လို့လည်း ခေါ်တာပေါ့လေ။ သူက စစ်စရိတ် တော်တော်လေးကို သက်သာစေတယ်။ အသုံးလည်း ပိုဝင်တယ်ပေါ့။ အဲတော့ ဒါနဲ့များ ရမလားလို့ ထပ်စမ်းတဲ့သဘောပါပဲ” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။
လက်ရှိမှာတော့ အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျောက်ဖြူမြို့နယ်က သိုင်းချွိန်၊ တောင်မော်၊ မြောချောင်း၊ ထိန်ဒွေ၊ ပြုံးပြဲ၊ အဝတောင် စတဲ့ ကျေးရွာပေါင်း ၁၃ ရွာကျော်က ဒေသခံ ၈၀၀၀ ခန့် အိုးအိမ်စွန့်ခွာပြီး တိုက်ပွဲရှောင် နေကြရပါတယ်။
စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကော်မရှင်ဟာ မေလ ၁၉ ရက် နေ့လည်ကလည်း ကျောက်ဖြူမြို့နယ် စနဲ့မြို့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူတွေရဲ့ နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရပါတယ်။