စစ်တွေက ဒုက္ခသည်စခန်းတွေမှာ ဒီနှစ်အတွင်း ကျန်းမာရေးကုသမှု မရောက်သေး

အာရက္ခတိုင်းမ်စ် (၂၈ မေ ၂၀၂၆)

ရက္ခိုင်ပြည်၊ စစ်တွေမြို့နယ်က စစ်‌ဘေးရှောင် ဒုက္ခသည်စခန်းတွေမှာ ဒီခုနှစ်အတွင်း ကျန်းမာရေး ကုသစောင့်ရှောက်မှုတွေ မရောက်လာသေးဘူးလို့ ဒုက္ခသည်စခန်းတခုမှ တာဝန်ရှိသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ကျန်းမာရေးနဲ့ ပတ်သက်တော့ ကျနော်တို့ကျောင်းမှာ ဖြစ်နေတဲ့ရောဂါက ဝမ်းပျက်ဝမ်းလျှော ဖြစ်နေကြတယ်။ ကလေး၊ လူကြီး အကုန်။ ဆေးခန်းတွေလည်း ကျနော်တို့ကျောင်းကို သင်္ကြန်မတိုင်ခင်ကတည်းက အခုအချိန်အထိ တကြိမ်မှ မရောက်သေးပါဘူး” လို့ သူက ပြောပါတယ်။

စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေဟာ လူအများစုနဲ့ စုဝေးနေထိုင်ရတာဖြစ်ပြီး သောက်သုံး‌ရေ မသန့်ရှင်းမှုတွေ၊ နေထိုင်ရေး မသန့်ရှင်းမှုတွေကြောင့် တခြားသော ကျန်းမာရေးပြဿနာတွေထက် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါတွေပဲ အများဆုံး ဖြစ်လေ့ဖြစ်ထ ရှိတယ်လို့ သိရပါတယ်။

ဒါပေမယ့် လက်ရှိမှာက စစ်တွေမြို့မှာ ကုန်ဈေးနှုန်းတွေ အဆမတန် ကြီးမြင့်တဲ့အတွက် အရင်လို သောက်သုံးရမယ့် ဆေးတွေကိုလည်း မဝယ်နိုင်တာကြောင့် စစ်‌ဘေးရှောင် ဒုက္ခသည်စခန်းတွေကို လာရောက် ကုသပေးတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကိုပဲ အားကိုးနေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။

“ပုံမှန် လာတာဆိုပေမယ့် ဒီနှစ် ဘဏ္ဍာရေးစနစ် ပြောင်းလဲလိုက်ပြီဆိုတော့ ဒီနှစ်ထဲမှာတော့ မရောက် သေးဘူး။ ကုန်ခဲ့တဲ့နှစ်တုန်းကဆိုရင်တော့ ရောက်ဖြစ်ကြတယ်။ တလမှာဆိုရင် အဖွဲ့အစည်းတွေ ကတော့ ဆေးခန်း ၃ ခုလောက်တော့ ရောက်တယ်။ မြန်မာ့ကြက်ခြေနီအသင်းတို့၊ ပြီးရင် UN ဆေးခန်းတို့၊ ပြီးတော့ အစိုးရ ကျန်းမာရေး ဆေးခန်းလေးတွေလည်း လာရောက်ကြတယ်” လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ မိုးရာသီကို ရောက်ရှိပြီ ဖြစ်တာကြောင့် စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေမှာ တာလဘက် အမိုးတွေ လိုအပ်နေသလို တခြားသော အသုံးအဆောင်တွေလည်း လိုအပ်လျက် ရှိတယ်လို့ သိရပါတယ်။

အလုပ်အကိုင်တွေဟာလည်း ရှားပါးတာကြောင့် အလှူရှင်တွေကိုပဲ အဓိက အားကိုးနေရတာ ဖြစ်ပါတယ်။

Related posts

ကျောက်ဖြူကနေ ၃ မိုင်အကွာတောင် ဒေသခံတွေ သွားခွင့်မရှိ

ဂွစစ်ရှောင် ၃ ဦးကို စကမက ရေကြည်တွင် ထောင် ၅ နှစ်ချ

ကျောက်ထု အမြောက်တပ်ကို စစ်အင်အား ၁၅၀၀ ရောက်ရှိ