လှိုင်မှာ လူငယ်တစ်ဦးကို စစ်မှုထမ်းအကြောင်းပြပြီး ပြန်ပေးဆွဲ၊ ကျပ်သိန်း ၂၀ ပေးရွေးခဲ့ရ

အာရက္ခတိုင်းမ်စ် (၂၀ အောက်တိုဘာ ၂၀၂၆)

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းဆုံ ကားမှတ်တိုင်အနီးမှာ အောက်တိုဘာလ ၁၆ ရက် ညပိုင်းက အလုပ်ဆင်းလာတဲ့ လူငယ်တစ်ဦးကို အနောက်ကနေ ခေါင်းအုပ်စွပ်ပြီး ကားပေါ် အတင်းတင်ဆောင် ဖမ်းဆီးခဲ့တယ်လို့ မိသားစုက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မိသားစုဝင်တွေက “မောင်လေးက ည ၇ နာရီဝန်းကျင်မှာ အလုပ်ကနေ အိမ်ပြန်ဖို့ ကားမှတ်တိုင်ကို သွားတုန်း ဖမ်းခံရတာ ဖြစ်တယ်။ အိမ်ပြန်မရောက်တာ ကြာလို့ ည ၈ နာရီလောက်မှာ ဖုန်းခေါ်ပေမယ့် စက်ပိတ်ထားတယ်။ လုပ်ငန်းခွင်ကို စုံစမ်းတော့ ညနေ ၆ နာရီကတည်းက အလုပ်ဆင်းသွားပြီလို့ သိရလို့ လိုက်ရှာနေစဉ် ည ၁၀ နာရီလောက်မှာ ဖုန်းဝင်လာပြီး စစ်မှုထမ်းမခိုင်းစေချင်ရင် ကျပ်သိန်း ၃၀ နဲ့ လာရွေးဖို့ ခြိမ်းခြောက်ခဲ့တယ်” လို့ ဆိုပါတယ်။

မိသားစုက တောင်းတဲ့ငွေ အကုန်မတတ်နိုင်လို့ သိန်း ၂၀ အထိ ညှိနှိုင်းပြီး လှိုင်မြို့နယ် ၁၅ ရပ်ကွက်ထဲက နေအိမ်တစ်အိမ်မှာ သွားပေးကာ ရွေးထုတ်ခဲ့ရပါတယ်။

ဒီဖြစ်ရပ်က ငွေညှစ်မှု မဟုတ်ဘဲ အုပ်ချုပ်ရေးအဖွဲ့နဲ့ ဆက်နွှယ်နေသူတွေက လူမိုက်၊ ဆေးသမားနဲ့ သူခိုးတွေကို မွေးမြူထားပြီး စနစ်တကျ ကျူးလွန်နေတဲ့ ကွန်ရက်တစ်ခုလို့ ယူဆကြောင်း မိသားစုက ပြောပါတယ်။

ဘုရင့်နောင်လမ်းဆုံ၊ ဘုရားလမ်း၊ အုတ်ကျင်းနဲ့ ရွာမကွေ့ စတဲ့ လူစည်ကားတဲ့ ကားမှတ်တိုင်တွေမှာ လူငယ်တွေနဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထားပြီး အလားတူ ဖမ်းဆီးငွေညှစ်တာတွေ မကြာခဏ ဖြစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ လူစည်ကားရာနေရာတွေမှာတောင် သွားလာဖို့ စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ဆိုပြီး ဒီလုပ်ရပ်တွေကို သက်ဆိုင်ရာက အရေးယူ စစ်ဆေးပေးစေချင်ကြောင်း ပြောပါတယ်။

Related posts

AA ဆီ အလင်းဝင်လာတဲ့ စစ်မှုထမ်း ၂ ဦးက ကျန်တပ်သားတွေကိုပါ ဝင်လာဖို့ တိုက်တွန်း

သံတွဲသား နိုင်ငံရေးအကျဉ်းသားဟောင်း ဖိုးကြက်တောင် ကွယ်လွန်

ဝါဘိုကို AA သိမ်းလို့ စစ်ကောင်စီဝန်ထမ်းတွေ စစ်တွေကနေ ရန်ကုန်ကို ထွက်ခွာနေ