ကျောက်ဖြူ မဒေးကျွန်းမှာ ရေနက်ဆိပ်ကမ်း စတင်လုပ်ဆောင်နေ

အာရက္ခတိုင်းမ်စ် (၂၈ မေ ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် တရုတ်စီမံကိန်းရှိရာ မဒေးကျွန်းမှာ ရေနက်ဆိပ်ကမ်း စတင်လုပ်ဆောင်နေပြီလို့ ကျောက်ဖြူဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ကျောက်ဖြူက လူတွေကတော့ ဘာလဲဆိုတော့ ဘာလုပ်ကြလဲဆိုတော့ ပင်လယ်ဆိုတဲ့အခါကြတော့ ငါးတွေ ဘာညာ ရှာစားကြတယ်။ ရေနက်ဆိပ်ကမ်း မဒေးကျွန်းမှာတော့ ရေနက်ဆိပ်ကမ်း လုပ်ဖို့အတွက် လုပ်ငန်းတွေ စနေကြပြီ။ ဒီက ကျောက်ဖြူမြို့ထဲက ကလေးတွေက အဲဒီက အလုပ် လုပ်မယ်ဆိုပြီးတော့ ခေါ်ပြီးတော့ သွားကြတာလည်း ရှိတယ်။ အလုပ်သမား ဘဝနဲ့ပေါ့။ မဒေးကျွန်းကို သွားတယ်။ ဟိုမှာ အလုပ်လုပ်တယ်။ မဒေးကျွန်းစီမံကိန်းကတော့ သူတို့လုပ်နေကြပြီ။ အကောင်အထည် ဖော်နေကြပြီလို့တော့ ပြောတာပဲ။ ကျမတို့က သွားလို့မှ မရတာ။ ဝန်ကြီးချုပ် လာတုန်းကလည်း မဒေးကျွန်းကို သွားသေးတယ်လေ” လို့ သူက ပြောပါတယ်။

မဒေးကျွန်း (Made Island) ဟာ ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်အတွင်း တည်ရှိပြီး တရုတ်-မြန်မာ နှစ်နိုင်ငံလုံးအတွက် မဟာဗျူဟာမြောက် အလွန်အရေးပါတဲ့ ကျွန်းတကျွန်း ဖြစ်ပါတယ်။

မဒေးကျွန်းဟာ စီးပွားရေးနဲ့ စွမ်းအင်ကဏ္ဍမှာ ကမ္ဘာသိ စီမံကိန်းကြီးတွေ ရှိရာနေရာလည်း ဖြစ်ပါတယ်။

အဲဒီကျွန်းပေါ်ရှိ သိုလှောင်ကန်ကြီးတွေကနေတဆင့် ရေနံနဲ့ ဓာတ်ငွေ့တွေကို မြန်မာနိုင်ငံကို ဖြတ်ကျော်ကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ အထိ ပိုက်လိုင်းနဲ့ ပို့လွှတ်မှာပါ။

ဒါ့အပြင် တရုတ်နိုင်ငံရဲ့ ခေတ်သစ်ပိုးလမ်းမကြီးစီမံကိန်း (Belt and Road Initiative – BRI) နဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ရဲ့ အဓိက အသက်သွေးကြောလည်း ဖြစ်ပါတယ်။

မဒေးကျွန်းနဲ့ ရမ်းဗြဲကျွန်းတို့မှာ တည်ဆောက်မယ့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းဟာ တရုတ်နိုင်ငံအတွက် မလက္ကာရေလက်ကြားကို ဖြတ်စရာမလိုဘဲ အိန္ဒိယသမုဒ္ဒရာသို့ တိုက်ရိုက် ထွက်ခွာနိုင်မယ့် မဟာဗျူဟာမြောက် ဖြတ်လမ်းလို့လည်း ဆိုရမှာပါ။

ပြီးခဲ့တဲ့ ဧပြီလအတွင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ ရောက်လာခဲ့ပြီး ရွေးကောက်ပွဲအတုကနေ‌ ထွက်ပေါ်လာတဲ့ သမ္မတအတုနဲ့ တွေ့ဆုံခဲ့ကာ နှစ်နိုင်ငံစီမံကိန်းတွေ ပြန်စဖို့ ပြောခဲ့သလို မေလကလည်း တရုတ်သံအမတ်နဲ့ ဒုသမ္မတအတုတို့ တွေ့ဆုံပြီး နှစ်နိုင်ငံ စီးပွားရေး စင်္ကြံတွေ ပြန်လည်စတင်ဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ တရုတ်ဟာ နှစ်နိုင်ငံအကြား မဟာမိတ်ပျက်စေမယ့် တရုတ်နိုင်ငံရဲ့ မကောင်းကြောင်းတွေကို ရေးသားခြင်းမပြုဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကနေတဆင့် သတင်းမီဒီယာကောင်စီကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် သတင်းမီဒီယာကောင်စီကနေ တချို့ သတင်းဌာနတွေကို ဖိတ်ခေါ်ပြီး တရုတ်နဲ့ပတ်သက်လို့ ရှောင်ရမယ့် ကိစ္စတွေကို ပြောပြခဲ့တယ်လို့လည်း သိရပါတယ်။

Related posts

မြောက်စမ်းအမြောက်တပ်မှ စစ်ကား အများအပြား ပုသိမ်ကိုသွား၊ ဒဏ်ရာရ စစ်သားတွေကို သယ်ထုတ်တာဖြစ်နိုင်

ရက္ခိုင် ထွက်ပေါက် မင်းတုန်းကို ရွေးတုက ထိန်းချုပ်နိုင်ရန် ပြင်ဆင်နေ

■ ဂျပန်စစ်အင်အား ဖြည့်တင်းမှုမှာ ဘာတွေအခက်ကြုံနေရသလဲ