အဝေးရောက် သက္ကမအဖွဲ့တွေက ရက္ခိုင်နဲ့ သက္ကမကြား မီးလောင်ရာ လေပင့် လုပ်ဆောင်နေ

အာရက္ခတိုင်းမ်စ် (၁ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် မောင်တောမြို့နယ် သင်္ဘောလှကျေးရွာတွင် မေလ ၂၃ ရက်က ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကို သေချာမသိ နားမလည်တဲ့ အဝေးရောက် သက္ကမအဖွဲ့အစည်းများ၊ ဆရာတော် သံဃာတော်များက ULA/AA အပေါ် တဖက်သတ် ပြစ်တင်စွပ်စွဲ ထုတ်ပြန်ခဲ့ကြတဲ့အတွက် ပြဿနာကို ဖြေရှင်းခြင်း မဖြစ်ဘဲ ရက္ခိုင်နဲ့ သက္ကမ လူမျိုးတို့ကြား ငြိမ်းချမ်းစွာ အတူ ယဉ်တွဲနေထိုင်ရေးကို ထိခိုက်စေတဲ့ မီးလောင်ရာ လေပင့် လုပ်ရပ်မျိုး ဖြစ်တယ်လို့ မောင်တောခရိုင် သက္ကမလူမျိုးစုရေးရာကော်မတီက ဆိုပါတယ်။

အာရက္ခတိုင်းပြည် တည်ဆောက်ရာတွင် သက္ကမ (ဒိုင်းနက်) လူမျိုးများ အပါအဝင် အာရက္ခဒေသတွင်း နေထိုင်ကြတဲ့ လူမျိုးများ အားလုံးအနေနဲ့ စိတ်ဝမ်းကွဲပြားမှု မရှိဘဲ တက်ညီလက်ညီ ပူးပေါင်းပါဝင်ကြရန် မောင်တောခရိုင် သက္ကမလူမျိုးစုရေးရာကော်မတီက မေလ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

လူမျိုးရေး၊ ဘာသာရေး အကြောင်းပြုပြီး ပြဿနာများကို ဖန်တီးနေကြတဲ့ အုပ်စုများ ရှိနေလို့ သက္ကမ လူမျိုးများအနေနဲ့ အသုံးချခံ မဖြစ်စေရန် အထူးသတိထားဖို့ လိုအပ်တယ်လို့လည်း မောင်တောခရိုင် သက္ကမလူမျိုးစုရေးရာကော်မတီက ဆိုပါတယ်။

မေလ ၂၃ ရက်က မောင်တောမြို့နယ် သင်္ဘောလှကျေးရွာတွင် စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော် တပ်ဖွ့်ဝင်များနဲ့ ရွာသားတချို့ကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီးနောက် ဆူပူအုံကြွ အကြမ်းဖက်မှုကို လှုံ့ဆော်တဲ့ ဦးဆောင်သူများကို အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များက ဖမ်းဆီး ထိန်းသိမ်းခဲ့ ပြီး ULA/AA တာဝန်ရှိသူများနဲ့ သင်္ဘောလှ ရွာသားတို့ကြား ဖြေရှင်းနေပြီး လက်ရှိတွင် ရပ်ရွာအခြေအနေမှာ ပုံမှန် အနေအထားကို ရောက်ရှိပြီး တည်ငြိမ်နေပြီလို့လည်း မောင်တောခရိုင် သက္ကမလူမျိုးစုရေးရာကော်မတီက ဆိုပါတယ်။

သက္ကမ (ဒိုင်းနက်) လူမျိုးများ အပါအဝင် အာရက္ခဒေသတွင်း နေထိုင်ကြတဲ့ လူမျိုးများ အားလုံးအနေနဲ့ တော်လှန်ရေးအပြီးသတ် အောက်ပွဲခံရေးနဲ့ တိုင်းပြည်ပြန်လည်တည်ဆောက်‌ရေး ကဏ္ဍအသီးသီးတွင် တာဝန်ယူမှု တာဝန်ခံမှု စိတ်ဓာတ်အပြည့်အဝနဲ့ တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်လည်း မောင်တောခရိုင် သက္ကမလူမျိုးစုရေးရောကော်မတီက ထုတ်ပြန်ခဲ့ပါတယ်။

Related posts

နတ်ရေကန်တိုက်ပွဲတွင် ရွေးတုအစိုးရက ဒုံးတပ်ဖွဲ့နဲ့ပါ ခုခံနေရ

အာရက္ခထီ (လောင်ပေါ်) စတင်ရောင်း၊ ထီ (လောင်ပေါ်) ထိုးသူ များပြား

“ စိမ်းလန်းသော အာရက္ခပြည်” စီမံကိန်း စတင်