အာရက္ခထီ (လောင်ပေါ်) စတင်ရောင်း၊ ထီ (လောင်ပေါ်) ထိုးသူ များပြား

အာရက္ခတိုင်းမ်စ် (၁ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွင် အာရက္ခထီ (လောင်ပေါ်) ကို ဇွန်လ ၁ ရက်က စတင်ပြီး ရောင်းချပေးနေပြီး ထီ (လောင်ပေါ်) ထိုးသူ များပြားခဲ့တယ်လို့ သိရပါတယ်။

“ တစောင် တထောင်ဆိုတော့ ထိုးပျော်တယ်လေ။ ပေါက်ခဲ့ရင် ကိုယ်လည်းရမယ်။ မပေါက်တော့လည်း ကိုယ့်အစိုးရက ကိုယ့်ဒေသဖွံ့ဖြိုးရေးမှာ သုံးမှာဆိုတော့ ဒီနေ့တော့ ၅ စောင်တွဲ သွားထိုးခဲ့တယ်။ စောင့်တော့ စောင့်ခဲ့ရတယ်။ ထိုးသူက တော်တော်လေးကို များတယ်” လို့ မြောက်ဦးမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခထီ (လောင်ပေါ်) ဆုမဲအနေနဲ့ အမြင့်ဆုံး ကျပ်သိန်း ၅၀၀၊ ကျပ်သိန်း ၃၀၀၊ ကျပ်သိန်း ၁၀၀၊ ကျပ်သိန်း ၅၀၊ ကျပ်သိန်း ၂၀၊ ကျပ် ၁၀ သိန်း စသဖြင့် ဆုမဲပေါင်း ၃၉ ဆု ခွဲဝေပေးသွားမယ်လို့လည်း သိရပါတယ်။

အာရက္ခထီ (လောင်ပေါ်) ဆုမဲအမျိုးအစားလိုက် ဆုငွေများကိုလည်း ဗဟိုအကောက်ခွန်နှင့် အခွန်ဌာန အာရက္ခလောင်ပေါ်ဌာနခွဲများနဲ့ သက်ဆိုင်ရာ မြို့နယ် အာရက္ခလောင်ပေါ် အရောင်းဌာနများတွင် ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။

အာရက္ခထီ (လောင်ပေါ်) မှ ရရှိတဲ့ ငွေးကြေးများကို ရက္ခိုင်ပြည် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လမ်း၊ တံတားဆောက်လုပ်ခြင်း၊ ပညာရေး၊ ကျန်းမာရေး အစရှိတဲ့ လုပ်ငန်းများကို ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ပြည်သူများအနေနဲ့ အာရက္ခထီလက်မှတ်များကို ပါဝင်ကံစမ်းကြရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တိုက်တွန်းထားပါတယ်။

Related posts

နတ်ရေကန်တိုက်ပွဲတွင် ရွေးတုအစိုးရက ဒုံးတပ်ဖွဲ့နဲ့ပါ ခုခံနေရ

“ စိမ်းလန်းသော အာရက္ခပြည်” စီမံကိန်း စတင်

အဝေးရောက် သက္ကမအဖွဲ့တွေက ရက္ခိုင်နဲ့ သက္ကမကြား မီးလောင်ရာ လေပင့် လုပ်ဆောင်နေ