နတ်ရေကန်တိုက်ပွဲတွင် ရွေးတုအစိုးရက ဒုံးတပ်ဖွဲ့နဲ့ပါ ခုခံနေရ

အာရက္ခတိုင်းမ်စ် (၁ ဇွန် ၂၀၂၆)

မကွေးတိုင်း ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းတိုက်ပွဲတွင် ရွေးတုအစိုးရက ဒုံးကျည်ပစ်တပ်ဖွဲ့တွေပါ အသုံးပြုပြီး ခုခံတိုက်ခိုက်နေရတယ်လို့ သိရပါတယ်။

“ နတ်ရေကန်တိုက်ပွဲ ဒုံးတပ်တွေ ရောက်နေတာ သေချာတယ်။ ပြီးခဲ့တဲ့ရက်က လေးပင်နဲ့ ဇီးအိုင်အကြားမှာ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တာမှာ ၁၂၂ မမ ဒုံးကျည်တွေ သိမ်းဆည်းရမိခဲ့တယ်လေ။ အခုဆိုရင် ဒုံးကျည်တွေကို ကရင်နီနဲ့ ချင်းမြောက်ပိုင်းဖက်မှာလည်း အသုံးပြုလာတာကို တွေ့နေရတယ်” လို့ စစ်ရေးလေ့လာသုံးသပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒုံးကျည်တွေသယ်ဆောင်လာတဲ့ စစ်ယာဉ်တန်းဟာ ကျောက်ပန်းတောင်းအခြေစိုက် ဒစခ ၁ (ဒုံးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) လက်အောက်ခံ ဒတရ ၆၀၉ (ဒုံးတပ်ရင်း) ကနေ ဂွေးချို၊ ရေနံချောင်း၊ မကွေး၊ မင်းဘူးကနေ ပဒါန်းတပ်နယ်ထဲကို ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။

အဆိုပါ ယာဉ်တန်းကို မေလ ၂၈ ရက်က မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မင်းဘူး-အမ်း လမ်းပိုင်းပေါ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မင်းဘူး မြို့နယ် ပကဖ၊ CDF-Asho၊ NSA လူ့ဘောင်သစ် တပ်မတော်တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

အထက်ပါကဲ့သို့ တိုက်ခိုက်မှုကြောင့် စစ်သား ၆ ယောက်သေဆုံးခဲ့ပြီး ၃ ယောက်ဖမ်းမိကာ အူဇီ (၃) လက်၊ MA-1 (၂) လက်၊ MA-2 (၁) လက်၊ ၅.၅၆ ကျည် လက်ဆွဲဘောက် (၁) လုံး၊ ၁၂၂ မမ MLRS ရော့ကတ် ပို့ယမ်း သေတ္တာ (၆) လုံးနှင့် ၁၂၂ မမ MLRS ရော့ကတ် (၂၈) လုံး သိမ်းဆည်းရမိခဲ့ပါတယ်။

နတ်ရေကန်ဗျူဟာကုန်းစခန်းကို အမ်း – ပဒါန်းလမ်းပိုင်းက အမြင့်ပေ ၅၀၀၀ ကျော်မှာ တည်ဆောက်ထားတာဖြစ်ပြီး စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းရန် ကာကွယ်ရေးစခန်းတခုဖြစ်သလို ရက္ခိုင်ပြည် အပါအဝင် မြန်မာနိုင်ငံရဲ့ အနောက်ဖက်က လေကြောင်းရန်တွေကို ထောက်လှမ်းဖို့အတွက် ပြုလုပ်ထားတာကြောင့် အရေးပါတဲ့ စခန်းကုန်းတခုလည်း ဖြစ်ပါတယ်။

အဆိုပါ ဗျူဟာကုန်းအနီးက ကာကင်းစခန်းတွေဖြစ်တဲ့ အမ်း – ပဒါန်းလမ်းပိုင်းက မထုံး၊ လင်းတဲ၊ စွန်တက်၊ ဂုတ်စည်း၊ ကံမြင့်ကန်၊ ဂုတ်ကြီး၊ ကြက်ရေစမ်း၊ ပိန်ရေစမ်းနဲ့ ပဇီကျေးရွာတွေကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။

Related posts

အာရက္ခထီ (လောင်ပေါ်) စတင်ရောင်း၊ ထီ (လောင်ပေါ်) ထိုးသူ များပြား

“ စိမ်းလန်းသော အာရက္ခပြည်” စီမံကိန်း စတင်

အဝေးရောက် သက္ကမအဖွဲ့တွေက ရက္ခိုင်နဲ့ သက္ကမကြား မီးလောင်ရာ လေပင့် လုပ်ဆောင်နေ