အာရက္ခတိုင်းမ်စ် (၃ ဇွန် ၂၀၂၆)
ဧရာဝတီတိုင်း သာပေါင်း၊ ရေကြည် နဲ့ လေးမျက်နှာမြို့နယ်တွေမှာ အာရက္ခတပ်တော်နဲ့ ရွေးတုအစိုးရတပ်တို့ တိုက်ပွဲတွေပြင်းထန်နေပြီး အဆိုပါ တိုက်ပွဲအတွင်း ထိခိုက် ဒဏ်ရာရရှိသူတွေအနက် အရာရှိတွေကိုသာ ပုသိမ်နဲ့ မင်္ဂလာဒုံစစ်ဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသပေးနေတယ်လို့ သိရပါတယ်။
“ ဒရုန်းနဲ့ လက်နက်ကြီးကျည် ထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများတွင် စစ်ကောင်စီရဲ့ အရာရှိကြီးပိုင်းများကိုသာ ပုသိမ်မြို့ရှိ ကုတင် (၃၀၀) ဆန့် စစ်ဆေးရုံ (မဆရ-၄) နဲ့ ရန်ကုန်မြို့ မင်္ဂလာဒုံ စစ်ဆေးရုံကြီးကို အဓိကထား ပို့ဆောင် ကုသပေးနေတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အဆိုပါ တိုက်ပွဲတွင် သေဆုံးသွားတဲ့ စစ်မှုထမ်းဆင်း တပ်သားသစ်တွေရဲ့ ရုပ်အလောင်းတွေကိုလည်း စနစ်တကျ ပြန်လည်သယ်ဆောင်ခြင်း မပြုဘဲ တွေ့ရာနေရာများတွင်သာ ကမန်းကတန်း မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။
“ ကျဆုံးသွားတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သားတွေရဲ့ ဘော်ဒီတွေကို ရတဲ့နေရာမှာပဲ မြှုပ်ပစ်နေကြတာ။ မိသားစုတွေဆီကိုလည်း ချက်ချင်း အကြောင်းကြားတာ၊ သတင်းပို့တာမျိုး မလုပ်ဘူး” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အလားတူ ထိခိုက်ဒဏ်ရာရှိခဲ့တဲ့ စစ်မှုထမ်းဆင်း တပ်သားသစ်တွေကိုတော့ ငါးသိုင်းချောင်းဆေးရုံနဲ့ မြောက်စမ်းအမြောက်တပ် အမတ ၃၄၄ ကိုသာ ပို့ဆောင် ကုသပေးနေတယ်လို့လည်း သိရပါတယ်။
အမတ ၃၄၄ အမြောက်တပ်ရင်း တိုက်ပွဲတွင် အာရက္ခတပ်တော်ရဲ့ စနိုက်ဘာလက်ချက်နဲ့ စစ်ကော်မရှင်တပ် ခလရ (၃၆) ဒုတပ်ရင်းမှူး ဗိုလ်မှူး ဟိန်းဇော်အောင် သေဆုံးခဲ့ပါတယ်။