အာရက္ခတိုင်းမ်စ် (၇ ဇွန် ၂၀၂၆)
ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်က ကျေးရွာ ၃ ရွာကို ရွေးတုအစိုးရတပ်က Y-12 နဲ့ ဇွန်လ ၆ ရက် ညပိုင်းက ဗုံးကြဲချခဲ့လို့ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“ ကြဲခံရတဲ့ ရွာတွေက ဘယာ၊ ကုလားတွင်းနဲ့ သစ်ကတိုးရွာ ၃ ရွာကို ဗုံး ၈ လုံးနဲ့ ကြဲသွားတာ။ ကလေး ၁ ယောက်၊ ၅၀ ကျော် ၁ ယောက်နဲ့ ၆၀ ကျော် ၁ ယောက် ဒဏ်ရာ ရသွားတယ်။ ဘုန်းကြီးကျောင်းနဲ့ အိမ်တွေလည်း ပျက်စီးသွားတယ်” လို့ ကျောက်ဖြူမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရွေးတုအစိုးရ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ထိခိုက် ဒဏ်ရာ ရရှိသူတွေကတော့ ကျောက်ဖြူမြို့နယ် တောင်မော်ရွာက သစ်ကတိုးရွာမှာ စစ်ရှောင်လာနေတဲ့ အသက် ၁၂ နှစ်အရွယ် မစုနေလင်း၊ စနဲမြို့ အလယ်စုရပ်ကွက်က အသက် ၅၀ နှစ်အရွယ် ဦးချစ်လွင်နဲ့ တောင်ကုတ်မြို့နယ် မအီမြို့ ဆံထိုးရွာက အသက် ၆၉ နှစ်အရွယ် ဒေါ်သန်းရီတို့ ဖြစ်တယ်လို့ သိရပါတယ်။
ဇွန်လ ၆ ရက် ည ၁၀ နာရီ ခွဲခန့်က စတင်ပြီး ရွေးတုအစိုးရတပ်ရဲ့ Y-12 ၁ စီးက ကျောက်ဖြူမြို့နယ် ဘယာရွာကို ဗုံး ၂ လုံး ကုလားတွင်းရွာကို ဗုံး ၃ လုံး သစ်ကတိုးရွာကို ဗုံး ၃ လုံး ကြဲချ တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
ရွေးတုအစိုးရတပ်ရဲ့ Y-12 နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နွး ၃ ကောင်နဲ့ ဝက် ၃ ကောင်လည်း သေဆုံးခဲ့ပြီး နေအိမ်တချို့နဲ့ ဘယာရွာက ဘုန်းတော်ကြီးကျောင်းလည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံများ ပိုမို ကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်။