အာရက္ခတိုင်းမ်စ် (၇ ဇွန် ၂၀၂၆)
ပဲခူးတိုင်း ဥသျှစ်ပင်မြို့နယ်ရှိ ရွေးတုအစိုးရတပ်ရဲ့ ပွိုင့် ၂၁၇ စခန်းကုန်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့လို့ ရွေးတုအစိုးရတပ်သား ၂၀ ခန့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ပွိုင့် ၂၁၇ စခန်းကုန်းကို ဇွန်လ ၄ ရက်ကစတင်ကာ အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။
“ ဒဏ်ရာရလာတဲ့ တပ်သားတွေကိုတော့ အရပ်သားကားတွေကို အသုံးပြုပြီးတော့ ပြည်ကို သယ်သွားတယ်။ သေတဲ့သူတွေကိုတော့ အဲနားမှာပဲ မြှုပ်ခဲ့ကြတယ်။ အများဆုံးသေတာက စစ်မှုထမ်းဆင်း တပ်သားသစ်တွေလေ” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ပွိုင့် ၂၁၇ စခန်းကုန်းဟာ ပဲခူတိုင်း ဥသျှစ်မြို့နယ် ဆင်လန်စခန်းရဲ့ အရှေ့ဖက် စမ်းပက်လက်အလွန် ၂၇ မိုင် လမ်းဆုံးအနီးတွင် တည်ရှိတာလည်း ဖြစ်ပါတယ်။
ရွေးတုအစိုးရတပ်ဟာ မေလဆန်းက စတင်ကာ ကပစ ၆ ကနေ ညောင်ကျိုးကို လေလာတောင်ဖက်ကနေ ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။
ညောင်ကျိုးကို ရွေးတုအစိုးရက စစ်ကြောင်းထိုးနေချိန်မှာ အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက ပွိုင့် ၂၁၇ စခန်းကုန်းကို တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
ပွိုင့် ၂၁၇ စခန်းကုန်းဟာ ကပစ-၆ အခြေစိုက်ရာ ညောင်ခြေထောက်နဲ့ ချောင်းသုံးခွလမ်းဆုံတွင် တည်ရှိပြီး ညောင်ခြေထောက်ရွာတွင် တည်ရှိတဲ့ ကပစ (၆) ကို လေသာတောင်၊ ဆင်လန်တောင်၊ စန်းပတ်လက်တောင် စတဲ့ စခန်းတွေနဲ့ ကာထားတာလည်း ဖြစ်ပါတယ်။
အဆိုပါ ကပစ (၆) တွင် လက်နက်ငယ်ကျည်ဆန်အခွံနဲ့ ကြေးပြားများကို ထုတ်လုပ်ပေးတဲ့ သံမဏိစက်ရုံကို တရုတ်ပညာရှင်များက တည်ဆောက်ပေးထားတာလည်း ဖြစ်ပါတယ်။