ဂွမြို့နယ်ကို ရွေးတုအစိုးရ ဗုံးကြဲ၊ ပြည်သူ ၂ ဦးသေ ၈ ဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁၆ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့ ရမ္မာကျွန်းရွာကို ရွေးတုအစိုးရတပ်က ဇွန်လ ၁၅ ညဖက်က ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံး ကြဲချခဲ့လို့ ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ၈ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“ ည ၇ နာရီ ခွဲခါနီးမှာ ဂျက်ဖိုက်တာနဲ့လာပြီး ပေါင်း ၅၀၀ ဗုံး ၃ လုံး ကြဲချတာ။ ပွဲချင်းပြီး ၂ ယောက်တော့ သေသွားတယ်။ ၈ ယောက်လောက် ဒဏ်ရာ ရရှိခဲ့တယ်” လို့ ဂွမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရတပ် ဗုံးကြဲချခဲ့လို့ သေဆုံးခဲ့သူမှာ အသက် ၃၈ နှစ်အရွယ် မသူဇာမိုးနဲ့ အသက် ၅၀ အရွယ် ဦးဝေလင်းတို့ဖြစ်ပြီး ထိခိုက် ဒဏ်ရာ ရရှိသူတွေကတော့ အသက် ၁၁ နှစ်အရွယ် မယွန်းအိစံ၊ အသက် ၁၂ နှစ်အရွယ် မအေးမြတ်မွန်၊ အသက် ၂၆ နှစ်အရွယ် မောင်အောင်သူရဝင်း၊ အသက် ၄၀ အရွယ် ဒေါ်အေးသန္တာ၊ အသက် ၄၂ နှစ်အရွယ် ဒေါ်စုမြတ်မွန်၊ အသက် ၅၂ နှစ်အရွယ် ဒေါ်ခင်ဖြူ၊ အသက် ၅၃ နှစ်အရွယ် ဦးကျော်ညွန့်ဌေး နဲ့ အသက် ၇၀ အရွယ် ဒေါ်ခင်ဥ တို့ပဲ ဖြစ်ပါတယ်။

အလားတူ ဂွမြို့နယ်ကို ရွေးတုအစိုးရက ဂျက်ဖိုက်တာနဲ့ ဇွန်လ ၁၄ ရက် ည သန်းခေါင် နဲ့ ဇွန်လ ၁၅ မနက် အစောတွင် ဗုံး ၂ ကြိမ် ကြဲချ တိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အချို့ ပျက်စီးသွားတယ်လို့ သိရပါတယ်။

ရွေးတုအစိုးရတပ်ဟာ စစ်ရေးအရ ရှုံးနိမ့်သွားလို့ သူ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေကို နေဗီကနေ လက်နက်ကြီးနဲ့ ပတ်ခတ်ခြင်း၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်တိုက် ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

ဇွန်လ ၈ ရက်ကလည်း ဂွမြို့နယ် ကျိန္တလီမြို့ကို ရွေးတုအစိုးရတပ် နေဗီက လက်နက်ကြီးတွေနဲ့ ၁၀ ကြိမ်ထက်မနည်း ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၀ ရက်နဲ့ ၂၁ ရက်ကလည်း ရွေးတုအစိုးရတပ်ဟာ ကျိန္တလီမြို့ကို ဂျက်ဖိုက်တာ ၂ စင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို နေအိမ်တချို့လည်း ပျက်စီးတာ ရှိခဲ့ပါတယ်။

Photo – APM (ဓာတ်ပုံများ ပိုမိုကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်။ သွေးထွက်သံယိုပုံများ ပါဝင်ပါတယ်)

Related posts

ကျောက်ဖြူကို ရွေးတုအစိုးရ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တချို့ ပျက်စီး

စစ်တွေ ကိုရီးယားဆိပ်ကမ်းမှာ ငါးဖမ်းပိုက်တွေ ချခွင့်ပြုနေ

■ အများစိတ်ဝင်စားလာကြတဲ့ ဒရုန်းကာကွယ်ရေး နည်းပညာ