အာရက္ခတိုင်းမ်စ် (၁၆ ဇွန် ၂၀၂၆)
ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်၊ အောင်သပြေရွာကို ဇွန်လ ၁၅ ရက် မနက်ပိုင်းက ရွေးတုအစိုးရတပ်က ဂျက်ဖိုက်တာနဲ့ တိုက်ခိုက်ပြီး နေဗီကနေ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်လို့ ဘုန်းကြီးကျောင်းနဲ့ နေအိမ်အချို့ ထိခိုက် ပျက်စီးသွားတယ်လို့ သိရပါတယ်။
“ ၁၅ ရက်နေ့ မနက် ၈ ခွဲလောက်က နေဗီကနေ လက်နက်ကြီး ၄ လုံး ပစ်တယ်။ ရွာထဲကို ၂ လုံးနဲ့ ရွာပြင်ကို ၂ လုံးကျတယ်။ နောက် ၁၀ နာရီလောက်ကျတော့ ဂျက်ဖိုက်တာနဲ့လာပြီး ဗုံး ၂ လုံး ကြဲချသွားတယ်” လို့ ကျောက်ဖြူမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရွေးတုအစိုးရရဲ့ တောင်မော်ကြီးရေတပ်စခန်းက နေဗီကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် နေအိမ် ၂ လုံးပျက်စီးခဲ့ပြီး နွား ၇ ကောင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
အလားတူ ဂျက်ဖိုက်တာကနေ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း ၁ ကျောင်း ပျက်စီးခဲ့ပြီး လူနေအိမ် ၃ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အာရက္ခတပ်တော်က တောင်မော်ကြီးရေတပ်စခန်းနားက ကာကင်းစခန်းတွေဖြစ်တဲ့ စံပယ်ရှောင်ကုန်း၊ ဒွေးချကုန်း၊ မျှော်ချောင်းကုန်းနဲ့ ရေနံသူကုန်းတို့ကို သိမ်းပိုက်ထားပြီး စစ်ရေးအရ မဟာဗျူဟာကျတဲ့ ရွာဟောင်းတောင် ဗျူဟာကုန်းစခန်းကို ဆက်လက် သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။
စစ်ရေးအရ ရှုံးနိမ့်နေတဲ့ ရွေးတုအစိုးရတပ်ဟာ ပြည်သူများနေထိုင်ရာ နေရာတွေကို လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
Photo – APM